ရခိုင်ပြည်နယ်အတွင်းရှိ ဘဏ်ခွဲများတွင် ငွေသားလက်ကျန်မရှိခြင်းကြောင့် ငွေလွှဲများထုတ်ယူမရဖြစ်နေ

Published on Sep 29, 2022

ရခိုင်ပြည်နယ်အတွင်းရှိ ပုဂ္ဂလိကဘဏ်ခွဲများတွင် ငွေသားလက်ကျန် မရှိခြင်းကြောင့် ငွေလွှဲများ ထုတ်ယူမရဖြစ်နေကြောင်း ဒေသခံ လုပ်ငန်းရှင်များထံမှ သိရသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ဘဏ်ငွေထုတ်စနစ်များ ပြိုလဲသွားပြီးနောက်ပိုင်းတွင် စပယ်ရှယ်အကောင့်ဆိုသည့် အချိန်မရွေး ငွေသားထုတ်ယူနိုင်သည်ဟုဆိုသည့် ဘဏ်အကောင့်များပါ ဘဏ်ခွဲများတွင် ငွေသားမရှိတော့ခြင်းကြောင့် ထုတ်ယူ၍ မရသည့် အဖြစ်ကို ကြုံတွေ့နေရခြင်းဖြစ်သည်။

“ဂွမှာက CBတစ်ခုပဲ ကောင်းကောင်းအလုပ်လုပ်တာ၊ ရန်ကုန်ကနေ အလုပ်ကိစ္စ ငွေလွှဲတာမှာ မှတ်ပုံတင်နဲ့ ငွေလွှဲဖို့လုပ်တာကိုတောင်မှ ငွေထုတ်မယ်ဆိုရင် နှစ်ရက်ကြာမယ်တဲ့ ဒါငွေသားများများ မဟုတ်ဘူး ၄၅သိန်းထဲ၊ ဘာလို့လဲဆိုပြီးမေးတော့ ဘဏ်မှာ ပိုက်ဆံမရှိဘူးတဲ့ တစ်ဖက်က လွှဲလာတာရှိမှ ထုတ်ပေးလို့ရမှာလို့ ပြောတယ်”ဟု ဂွမြို့နယ်ရှိ CBဘဏ်ခွဲသို့ ငွေလွှဲရန် သွားရောက်ခဲ့သူတစ်ဦးက CJ Platform ကိုပြောသည်။

စပယ်ရှယ်အကောင့်ဆိုသည့် အချိန်မရွေး ငွေသားထုတ်ယူနိုင်သည်ဟုဆိုသော ဘဏ်အကောင့်များမှာလည်း ဘဏ်တွင် ငွေသားမရှိခြင်းကြောင့် ငွေထုတ်ယူလိုကြောင်း လျှောက်လွှာကို ကြိုတင် ပေးပို့ကာ ရက်ချိန်းများ ရယူ၍ ငွေထုတ်ယူနေရကြောင်း သိရသည်။

“CBဘဏ်ပဲဖြစ်နေတာ စပါယ်ရှယ်အကောင့်က အချိန်မရွေးရတယ်ဆိုလို့ စပယ်ရှယ်အကောင့်သွားဖွင့်ထားတာ၊ အခုအရေးပေါ် ငွေထုတ်မယ်လဲဆိုရော မရဘူးဖြစ်နေတယ်၊ အဲ့ဒါနဲ့ ရခိုင်ထဲပဲ တခြားစပယ်ရှယ်အကောင့်ကို လွှဲမယ် တစ်ဖက်က ထုတ်ရမလားမေးတော့လည်း မရဘူးတဲ့၊ ရခိုင်ကနေ ရန်ကုန်လိုမျိုးက စပယ်ရှယ်အကောင့်ကိုလွှဲပြီး အဲ့က ထုတ်ရင်တော့ရတယ်လို့ပြောတယ်၊ သိန်း ၅၀ထဲထုတ်ဖို့လုပ်တာကို မရဘူးဖြစ်နေတာ၊ သူတို့မှာ ပိုက်ဆံမရှိဘူး”ဟု ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ရေလုပ်ငန်းရှင်တစ်ဦးက CJ Platform ကိုပြောသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးအရှိန်မြင့်တက်နေမှုကြောင့် ပုဂ္ဂလိကဘဏ်များအနေဖြင့် ငွေသယ်ယာဉ်များ သွားလာရဲခြင်း မရှိသောကြောင့် ယခုကဲ့သို့ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ဘဏ်ဝန်ထမ်းများ၏ ရှင်းလင်းပြောကြားချက်များအရ သိရသည်။

ဘဏ်လုပ်ငန်းဝန်ဆောင်မှုများမှာ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း တဖြေးဖြေးပြိုလဲလာခဲ့ပြီး ဘဏ်အသီးသီးရှိ ATM စက်များတွင် အသုံးပြု၍ မရှိတော့ဘဲ ရေညှိများ အမှိုက်များ ဖုံးလွှမ်းနေသည်အထိ ဖြစ်ပေါ်နေခဲ့သည်။