ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲထားသော်လည်း စစ်ကောင်စီလက်အောက်ခံရဲများ စခန်းအပြင်မထွက်ရဲ

Author လင်းခိုင်
Categories
Published on Dec 04, 2022

ရခိုင်ပြည်နယ်တွင် ပစ်အခတ်ရပ်စဲထားသော်လည်း စစ်ကောင်စီလက်အောက်ခံရဲများ စခန်းအပြင် မထွက်ရဲကြောင်း ရခိုင်ပြည်နယ်တွင် တာ၀န်ကျနေသည့် ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

“သူတို့ကတော့ အပစ်ရပ်လိုက်တယ် ပြောတာပဲ၊ ဘယ်သူမှ အပြင်မထွက်ရဲဘူး၊ ထွက်တာနဲ့ ရဲမှန်းသိရင် AA ကဖမ်းနေတာ။ ကိုယ်တွေက ကျီးလန့်စာစားရတဲ့ သူတွေပဲ” ဟု ရဲမိသားစု၀င်တစ်ဦးက CJ Platform သို့ ပြောကြားသည်။

ယခုနှစ် ဇူလိုင်လမှ စတင်ကာ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် AA တပ်တော်တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ ရဲများကို စခန်းအပြင်ပေးမထွက်ဘဲ အမျိုးသမီးများကိုသာ အပြင်ပေးထွက်ခွင့် ပြုခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် တာ၀န်မထမ်းဆောင်လိုသည့် ရဲများ ပြည်နယ် ပြောင်းခွင့်လျှောက်ထားရာတွင် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ကိုတာ လျှောက်ထားခွင့်ပြုထားသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်းရှိ ရဲနှင့် စစ်သားအချို့သည် CDM ပြုလုပ်လိုသော်လည်း စစ်ကောင်စီက မိသားစု၀င်များကို ထိန်းချုပ်ထားသည့်အတွက် CDM ပြုလုပ်ရန် အခက်အခဲများရှိနေကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

နို၀င်ဘာ ၂၆ ရက်မှ စတင်ပြီး ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့သည် ဂျပန်နိုင်ငံ နီပွန်ဖော်ဒေးရှင်း ဥက္ကဌ ကြား၀င်စေ့စပ်မှုဖြင့် တိုက်ပွဲများကို ခေတ္တ ယာယီရပ်ဆိုင်းခဲ့သည်။

AA အနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲခြင်သည် ရခိုင်ပြည်နယ်အတွင်း ပြည်သူလူထုများ၏ စား၀တ်နေရေး၊ သွားလာရေး၊ ဆေးဝါးအကျပ်အတည်း၊ အခက်အခဲများကြောင့် ယာယီ အပစ်အခတ်ရပ်စဲခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

Related News

Depend on news