ရခိုင်နှင့် ပလက်ဝ တိုက်ပွဲများအတွင်း ဖမ်းဆီးရမိ၊ သေဆုံးသည့် တပ်မမှူး၊ ဗျူဟာမှူး ၅ ဦးရှိဟု AA ဆို

Author အဂ္ဂ
Categories
Published on Feb 15, 2024

ရခိုင်နှင့် ပလက်ဝ ဒေသအတွင်း သုံးလတာတိုက်ပွဲများအတွင်း လက်ရဖမ်းဆီး၊ သေဆုံးခဲ့ကြသော တပ်မမှူး၊ ဗျူဟာမှူး ၅ ဦးရှိကြောင်း  ရက္ခိုင့်တပ်တော်(AA) က ယမန်နေ့ (ဖေဖော်ဝါရီလ ၁၄ ရက်)က ထုတ်ပြန်သည်။

 

ပြီးခဲ့သည့်နှစ်  နိုဝင်ဘာလ(၁၃)ရက်နေ့မှစတင်ခဲ့သော ရခိုင်၊ ပလက်ဝဒေသ တိုက်ပွဲများအတွင်း သေဆုံးခဲ့သူများထဲ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ဒုတိယအပတ် ပလက်ဝဒေသ စစ်ကောင်စီ နှုံးဘူးဗျူဟာကုန်းတိုက်ပွဲအတွင်း ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး(ကိုယ်ပိုင်အမှတ် ကြည်း/၃၅၃၄၄)နှင့် ဖေဖော်ဝါရီလ ၇ ရက်နေ့ မြောက်ဦး (ခမရ -၃၇၇) စခန်းသိမ်းတိုက်ပွဲမှ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း(ကြည်း/ ၃၁၅၁၄)တို့ကို သေဆုံးလျက်ဖမ်းမိခဲ့ကြောင်း ဆိုသည်။

 

ထို့ပြင် တိုက်ပွဲများအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများနှင့် လက်နက်ချအညံ့ခံသူများထဲမှ ဒဏ်ရရရှိထားသူများကိုလည်း အကောင်းဆုံးကုသပေးလျက်ရှိကြောင်း AA က ဆိုသည်။ ထိုသုံ့ပန်းများအတွင်း ဒု-ဗိုလ်မှူးကြီး ညီညီဝင်းလည်း တစ်ဦးအပါအဝင်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က ဆိုသည်။

၎င်းသည် ကျောက်တော်၊ အမှတ်(၉) စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) လက်အောက်ခံ၊ နည်းဗျူဟာ (၃) မှ ဗျူဟာမှူးဖြစ်ပြီး ယခုနှစ်ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဖမ်းဆီးရရှိမိခဲ့ကြောင်း၊ ဖမ်းဆီးရမိချိန်တွင် ဦးခေါင်းနှင့် ရင်ဘတ်၌ ဒဏ်ရာရရှိထား၍ သေလုမျောပါးဖြစ်နေသော်လည်း ယခုအခါ ပြန်လည်ကျန်းမာနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

 

ဖေဖော်ဝါရီလ ၇ နှင့် ၈ ရက်များက ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲများအတွင်း ထွက်ပြေးလာခဲ့သော စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း(ကြည်း/၂၇၉၈၈) အသက် (၅၁) နှစ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့်အတူ ရက္ခိုင့်တပ်တော်က အရှင်လက်ရဖမ်းဆီးမိခဲ့သည်ဟု သိရသည်။

 

ထို့နောက် ပလက်ဝဒေသအခြေစိုက် ရှေ့တန်းဌာနချုပ်တစ်ခုဖြစ်သော စကစ (၁၉)၊ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ(ကြည်း/၂၇၉၆၇)မှာမူ ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ ထွက်ပြေးလွတ်မြောက် သွားသည်ကိုကား လက်ရှိအချိန်တွင် အတည်ပြု၍ မရနိုင်သေးဟု ရက္ခိုင့်တပ်တော်က ဖော်ပြထားသည်။

 

AA သည် ချင်းပြည်က ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်၏ မြို့ကြီးများဖြစ်သော ပေါက်တော၊ ကျောက်တော်၊ မင်းပြားနှင့် မြောက်ဦးမြို့တို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

Related News

Depend on news