ရခိုင်တွင် စစ်ရှုံးနေသည့် နပခ တိုင်းမှူးနှင့် ဒစက(စစ်တွေ) ဗိုလ်မှူးချုပ်တို့ အချင်းချင်းရန်ဖြစ် နပခ တိုင်းမှူး ဗိုလ်ချုပ်နှင့် ဒစက ဗိုလ်မှူးချုပ် ထိုးရာမှ ဗိုလ်ချုပ် သွားကျိုးကာ ဗိုလ်မှူးချုပ် နှာခေါင်းရိုးကျိုး

Author စကားဝါ
Categories
Published on Feb 26, 2024

ရခိုင်ပြည်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီ လက်အောက်ခံ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် စစ်တွေမြို့ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် အကြီးအကဲ ဗိုလ်မှူးချုပ် ဆန်းထေးမောင်တို့ စစ်ရေးအခြေအနေအကြောင်း ဆွေးနွေးစဉ် အငြင်းပွားရာမှ ထိုးကြိတ်မှု ဖြစ်ပွားခဲ့ပြီး ဗိုလ်ချုပ် ထင်လတ်ဦးမှာ သွားကျိုး၍ ဗိုလ်မှူးချုပ် ဆန်းထေးမောင်မှာ နှာခေါင်းရိုးကျိုးသွားကြောင်း CJ Platform ၏ စစ်ကောင်စီဝင်နှင့် ပတ်သက်သူ သတင်းအရင်းအမြစ်ထံမှ သိရသည်။

 

စစ်တွေမြို့တွင် ဖေဖေါ်ဝါရီ ၂၅ရက်နေ့က နပဖတိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဒစက အကြီးအကဲ ဗိုလ်မှူးချုပ် ဆန်းထေးမောင်တို့ဆုံတွေ့စဉ် စစ်ရှုံးနေရသည့် အကြောင်းနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်ရာတွင် အစပြုကာ ရန်မက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

“ထင်လတ်ဦးက DSA(၃၆) ၊ ဆန်းထေးမောင်က အလသ(၂၆) သူတို့က ကျောင်းရော အပတ်စဉ်ရော မတူဘူး၊ ရခိုင်မှာ အလှူကြီးပေးပြီး စစ်ရှုံးနေတာကို မင်းကြောင့် ငါ့ကြောင့်ဆိုပြီး ငြင်းရင်းနဲ့ ရန်ဖြစ်တာ၊ ဆန်းထေးမောင်ကို နေပြည်တော်က လာဖမ်းသွားတယ်”ဟု စစ်ကောင်စီဝင်နှင့် ပတ်သက်သူ  CJ Platform ၏ သတင်းအရင်းအမြစ်က ပြောသည်။

 

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ)တွင် လက်ရှိအချိန်၌ အုပ်ချုပ်သူ အကြီးအကဲဟု မရှိဘဲ ဒုတိယ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးကသာ ဦးဆောင် ကွပ်ကဲနေကြောင်းလည်း သိရသည်။

 

“ဒီအချိန်မှာ တပ်မမှူးတွေက အရမ်းကြောက်နေတာ သူတို့ ပြေးမလား ၊ လက်နက်ချမလား၊ အသေခံချမလား ဒါပဲရှိတာ၊ ဒစကမှူးမရှိတော့ တိုင်းမှူးက တိုက်ရိုက်ပုံစံလုပ်နေတယ်၊ အစောပိုင်းထဲက တိုင်းမှူးက သဘောထား တင်းမာတယ်၊ စစ်ရေးဆိုတာ မသိလို့ ကိုထွန်းမြတ်နိုင်တောင် မင်းနေရာထိ တက်ကြိတ်လိုက်ရမလားလို့ ပြောသေးတာလေ”ဟု စစ်ကောင်စီဝင်နှင့် ပတ်သက်သူ CJ Platform ၏ သတင်းအရင်းအမြစ်က ပြောသည်။

 

ရခိုင်ပြည်တွင် စစ်ကောင်စီမှ နယ်မြေများစွာ လက်လွှတ်လိုက်ရပြီး စစ်ကောင်စီတပ်သား ထောင်ချီကာ ဆုံးရှုံးထားရသည်။

 

ဓာတ်ပုံ – pro-SAC

 

ပုံစာညွှန်း – ဗိုလ်မှူးချုပ် ဆန်းထေးမောင် ကြောင့် သွားကျိုးသွားရသူ ဗိုလ်ချုပ် ထင်လတ်ဦး အား တွေ့ရပုံ

Related News

Depend on news