ရခိုင်က မတရားအကျဉ်းချခံ အရပ်သားကိုးဦးကို သတ်ဖြတ်ပြီး စစ်ကောင်စီ အလောင်းဖျောက်

Author အဂ္ဂ
Categories
Published on Feb 12, 2024

ရခိုင်ပြည်ရှိ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းက အကျဉ်းချခံထားရသည့် သတင်းသမားတစ်ဦးအပါအဝင် အရပ်သား ကိုးဦးကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် အလောင်းဖျောက်ဖျက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ (ဖေဖော်ဝါရီ ၁၁ ရက်)တွင် သတ်ဖြတ်ခံရသူ ကိုးဦး၏ အမည်စာရင်းနှင့်တကွ ထုတ်ပြန်ကြေညာသည်။

 

ထိုစစ်ရာဇဝတ်မှုကို မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့ရှိ စစ်ကောင်စီတပ်သားများက ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော် AA က ဆိုသည်။

 

မြောက်ဦးမြို့ရှိ အမှတ်(၃၇၈) ခြေမြန်တပ်ရင်း (ခမရ-၃၇၈)က စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသည် မတရားဖမ်းဆီးထားသော ယင်းဒေသခံများဖြစ်သည့် ကိုကျော်ဇံဝေ(ခ)ဖိုးလပြည့်(ခ)ရင်ဆို့၊ ကိုမြတ်သူထွန်း(ခ) ဖိုးသီဟ (သတင်း‌သမား)၊ ကိုကျော်သိန်းလှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွှန့်၊ ကိုဝိုင်းနိုင်နှင့် ကိုပြည့်စုံဝင်းတို့ ခုနစ်ဦးကို ဇန်နဝါရီ (၃၁) ရက်နေ့၊ နေ့လယ် (၂) နာရီခန့်တွင် အဆိုပါတပ်ရင်း အချုပ်ခန်းထဲ၌ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြပြီး ရုပ်အလောင်းများကို မြောက်ဦးမြို့ဆေးရုံအနီး ဗုံးခိုကျင်းထဲ၌ မြှုပ်ကာ အလောင်းဖျောက်ဖျက်ထားခဲ့ကြသည်ဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အလားတူ မင်းပြားမြို့ အခြေစိုက်သော ခမရ(၃၇၉)မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လုပ်ကြံပုဒ်မများတပ်ကာ မတရားဖမ်းဆီးထားသော ရသေ့တောင်မြို့နယ်မှ ကိုညီညီအောင်(ခ)အောင်ဇော်ဝင်းနှင့် မင်းပြားမြို့နယ်မှ ဦးကျော်ညွန့်တို့ (၂) ဦးကို ဇန်နဝါရီလ (၁၉) ရက်နေ့၊  ညနေ (၃) နာရီ (၄၅) မိနစ်ခန့်တွင် ယင်းတပ်ရင်း အချုပ်ခန်းထဲ၌ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဆိုသည်။

 

ရက္ခိုင့်တပ်တော်က “မိမိတို့ အာရက္ခပြည်သူ့အစိုးရအနေဖြင့် အဆိုပါစစ်ရာဇဝတ်မှုကျူးလွန်သူများအား ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုနှင့်အညီ ပြစ်ဒဏ်ပေးသွားမည်ဖြစ်ပြီး ကျူးလွန်ခံရသောကာယကံရှင်နှင့် မိသားစုများအတွက် တရားမျှတမှုရရှိစေရန် ထိရောက်ပြတ်သားစွာ ဆောင်ရွက်သွားပါမည်” ဟု ကြုံးဝါးပြောဆိုသည်။

 

မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသည့် ထိတွေ့တိုက်ပွဲများအတွင်း အထိနာနေသည့်စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနေထိုင်ရာ မြို့ရွာများကို လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများသာမက အရပ်သားပြည်သူများကိုလည်း မတရားပုဒ်မမျိုးစုံတပ်ကာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးချခြင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းစသည့် လုပ်ရပ်များကို နေ့စဉ်လိုလို လုပ်ဆောင်နေသည်ကို တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင် NUG လက်အောက်ရှိ ဒေသကာကွယ်ရေးတပ်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

Related News

Depend on news