ရက် ၅၀ ထက် နှစ်ဆပိုတဲ့သေဆုံးမှုနဲ့ ဆယ်ရက်တာ အစ္စရေး – ဟားမက်စ်စစ်ပွဲအခြေအနေ

Published on Oct 19, 2023

နှစ်နဲ့ချီကြာနေတဲ့ ယူကရိန်း-ရုရှား စစ်ပွဲရဲ့နောက် လက်ရှိ Hot ဖြစ်နေတဲ့ အစ္စရေး-ဟားမက်စ်တို့ရဲ့ စစ်ပွဲကာလကတော့ ဆယ်ရက်တာ ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်ကစတဲ့ အစ္စရေး – ပါလက်စတိုင်း ပဋိပက္ခ လူသတ်၊ လူဖမ်းမှုများနဲ့ စတင်ခဲ့ပြီး အခုထိလည်း ဒီတောထဲက မထွက်နိုင်သေးပါဘူး။

အစ္စရေးဘက်ကလည်း ဟားမက်စ်တို့ အခြေစိုက်နေရာတွေကို လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေပြီး မြေပြင်ကနေပါ ထိုးစစ်ဆင်ဖို့ ပြင်နေပါတယ်။

တစ်ပတ်ပြည့်အခြေအနေကို အောက်ကလင့်ကတစ်ဆင့်ဖတ်ရှုနိုင်ပါတယ်။
– https://www.facebook.com/cjplatformburma/posts/pfbid02sBU8RJJSoy2miDnJ2etLug7LWGGt5zx69qQ9mfjsiW1rEpBWXWpfh4TmRrebJXsdl
ပြီးခဲ့တဲ့ အင်္ဂါနေ့ ညနက်ပိုင်းက ဂါဇာက Al-Ahli ဆေးရုံကို အစ္စရေးဗုံးကြဲလို့ လူ ၅၀၀ ကျော်သေဆုံးခဲ့ရပါတယ်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီအဖြစ်အပျက်ကို ဘယ်လိုစကားလုံးနဲ့မှ မဖော်ပြနိုင်ဘူးလို့ ဆိုပါတယ်။
“ကယ်ဆယ်ရေးအဖွဲ့သားတွေအကုန်လုံး ပြည်သူတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အပျက်အစီးတွေအောက်ကနေ ဖယ်ယူနေတုန်းပဲ” လို့ သူက ဆိုပါတယ်။

ဒီဗုံးကျဲမှုမှာ သေဆုံးခဲ့သူ အများစုက အမျိုးသမီးတွေနဲ့ ကလေးတွေ ဖြစ်ကြတယ်လို့လည်း သူက ပြောပါတယ်။

သေဆုံးသူတွေ၊ ထိခိုက်ဒဏ်ရာရရှိသူတွေ အရေအတွက်က များလွန်းလို့ ရှိတဲ့ ကယ်ဆယ်ရေး အင်အားတွေ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအင်အားတွေတောင် မလုံလောက်ဘူးလို့ သူက ဆက်ပြောပါတယ်။

စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေအတိုင်း ထိခိုက်ဒဏ်ရာရရှိထားသူတွေကို အပျက်အစီးတွေကြားက မြေပြင်ပေါ်မှာပဲ ဆရာဝန်တွေက အရေးပေါ် ခွဲစိတ်ကုသမှုတွေ ပြုလုပ်နေကြရပြီးတော့ အသက်အန္တရာယ်စိုးရိမ်ရသူတွေ အတော်များတယ်လို့ သိရပါတယ်။

ဂါဇာမြို့လယ်ခေါင်မှာတည်ရှိတဲ့ အဲဒီဆေးရုံဟာ အစ္စရေးတို့ ဂါဇာထဲ အဆက်မပြတ်ဗုံးကြဲနေတာတွေကြောင့် ဘေးလွတ်ရာကို ရှောင်တိမ်းရွှေ့ပြောင်းလာနေတဲ့ ပါလက်စတိုင်း ပြည်သူ ထောင်ကျော် ခိုလှုံနေထိုင်နေတာ ဖြစ်ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ သေဆုံးသူ အများအပြားဟာလည်း အခုချိန်ထိ အပျက်အစီးတွေ အောက် ရှိနေတုန်းလို့ တစ်ပါတည်း ဖော်ပြထားတာပါ။

အဲဒီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဟားမက်စ်တွေက ဆိုပါတယ်။

ဖြစ်စဉ်စစချင်းမှာတော့ တိုက်ခိုက်မှုအတွင်း လူ ၂၀၀ ကနေ ၃၀၀ ကြား သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းခဲ့တာပါ။

အစ္စရေးတို့ရဲ့ ဒီလုပ်ရပ်ကို အာရပ်နိုင်ငံတော်တော်များများက ရှုတ်ချထားပါတယ်။ ဆန္ဒပြမှုတွေလည်း ဂျော်ဒန်၊ လတ်ဘနွန်၊ အီရတ်၊ အီရန်နဲ့ အခြား အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ ဖြစ်ပွားနေပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့က အစ္စရေးကို ရောက်နေတဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အီဂျစ်၊ ပါလက်စတိုင်း ခေါင်းဆောင်တွေကြား စီစဉ်ထားတဲ့ အစည်းအဝေးကိုလည်း ဂျော်ဒန်က ဒီဖြစ်စဉ်အပြီး ဖျက်သိမ်းလိုက်ပါတယ်။

သမ္မတ ဘိုင်ဒန်ကတော့ ဒီဆေးရုံ ဗုံးကြဲခံရမှုဟာ အစ္စရေးလေတပ်က လုပ်တာ မဟုတ်ဘဲ အခြားတစ်ဖွဲ့က လုပ်ဆောင်တာ ဖြစ်နိုင်ကြောင်း မှတ်ချက်ပေး ပြောဆိုလာပါတယ်။

အစ္စရေးအစိုးရကလည်း ဒီလုပ်ရပ်ကို သူတို့မကျူးလွန်ခဲ့ကြောင်း၊ ဂါဇာအတွင်းက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ကျရောက် ပေါက်ကွဲတာ ဖြစ်ကြောင်း ကနဦးထုတ်ပြန်ချက်မှာ ငြင်းဆိုထားပါတယ်။

ပါလက်စတိုင်းအင်အားစုတွေကတော့ ဒီလုပ်ရပ်က အစ္စရေးလက်ချက် ဖြစ်ကြောင်း ယတိပြတ်ပြောထားပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောရေးဆိုခွင့်ရှိသူကတော့ အစ္စရေးတို့ရဲ့ ဒီလုပ်ရပ်ဟာ လူမဆန်တဲ့ လုပ်ရပ်တစ်ခု ဖြစ်ပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ရှုတ်ချမှတ်ချက်ပေးထားပါတယ်။

ပါလက်စတိုင်းကျန်းမာရေး ဝန်ကြီးက ထုတ်ပြန်ချက်အရ ဒီပဋိပက္ခအတွင်း အရပ်သားသေဆုံးမှု စုစုပေါင်း ၃၅၀၀ ကျော်လာပြီး သေဆုံးခဲ့တာရဲ့ သုံးပုံတစ်ပုံက ကလေးငယ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

လတ်တလော ဂါဇာရဲ့ တောင်ဘက်ခြမ်းက ရာဖာနယ်စပ်ဂိတ်မှာ ပါလက်စတိုင်းပြည်သူ အများအပြား စုဝေးရောက်ရှိနေပါတယ်။

ဒီနယ်စပ်ဂိတ်က စစ်ဖြစ်နေတဲ့ ဂါဇာဒေသကနေ အီဂျစ်နိုင်ငံထဲ ရှောင်တိမ်းလွတ်မြောက်နိုင်ဖို့ တစ်ခုတည်းသော ထွက်ပေါက်ပါ။

နောက် အစ္စရေးဘက်ကလည်း ဒီနယ်စပ်ဒေသကို ဗုံးကြဲတာမျိုးတွေရှိလို့ နိုင်ငံနှစ်ဘက်က ပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိပါတယ်။ ဒါကြောင့် လတ်တလောမှာ ဖြတ်သန်းသွားလာခွင့်မပေးဘဲ ပိတ်ချထားတယ်လို့ အီဂျစ်သတင်းဌာနတွေက ပြောပါတယ်။

ကုလနဲ့ နိုင်ငံတကာက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကလည်း ဒီနယ်စပ်မှာပဲ စုဝေးဖို့ ရှိနေတာပါ။ ဒီနယ်စပ်အဖွင့်အပိတ်ကို ထိန်းချုပ်တာ အီဂျစ်က ဖြစ်ပါတယ်။ ကုန်စည်စီးဆင်းမှုအတွက် ထောက်ခံချက်ကိုတော့ အစ္စရေးဆီက တောင်းခံရတယ်လို့ ဆိုပါတယ်။ အစ္စရေးကတော့ ဟားမက်စ်တွေ ဒီဂိတ်ကတစ်ဆင့် ထွက်ခွာသွားတာမျိုး မရှိစေချင်ပါဘူး။ အီဂျစ်ကလည်း စစ်ဘေးဒုက္ခသည်တွေကို သူတို့နိုင်ငံထဲ ခိုလှုံခွင့် မပေးချင်တဲ့ အခြေအ‌နေမှာရှိပါတယ်။

ဂါဇာဒေသကနေတစ်ဆင့် တခြားနိုင်ငံထဲ ထွက်သွားနိုင်တဲ့ နယ်စပ်ဂိတ်က သုံးခု ရှိတာပါ။ မြောက်ဘက်က ဂိတ်တစ်ခုကတော့ ဟားမက်စ်တို့ လက်ချက်နဲ့ ပျက်စီးထားလို့ အစ္စရေးက ပိတ်ထားပါတယ်။ တောင်ဘက်ပိုင်းမှာ ရာဖာနဲ့ နောက်ထပ် ဂိတ်တစ်ခုရှိပြီး နှစ်ခုစလုံး လောလောဆယ် ပိတ်ထားပါတယ်။ မကြာခင်အချိန်အတွင်းမှာ ဒီဂိတ်ကို ဖွင့်ပေးနိုင်ချေရှိတယ်လို့တော့ သက်ဆိုင်ရာ နိုင်ငံတွေက အာဏာပိုင်တွေက ဆိုပါတယ်။

ပါလက်စတိုင်းကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီပဋိပက္ခအတွင်း အရပ်သားသေဆုံးမှု စုစုပေါင်း ၃၅၀၀ ကျော်လာပြီး သေဆုံးခဲ့တာရဲ့ သုံးပုံတစ်ပုံက ကလေးငယ်တွေ ဖြစ်ကြပါတယ်။ နှစ်နိုင်ငံ ထိခိုက်သေဆုံးမှုတွေ တစ်နေ့တခြား တိုးပွားလာနေဆဲပါ။

ဒါဟာ လွန်ခဲ့တဲ့ ၉ နှစ် ၂၀၁၄ ခုနှစ်က ရက် ၅၀ ကြာဖြစ်ခဲ့တဲ့ နှစ်နိုင်ငံပဋိပက္ခကြားက အရပ်သားသေဆုံးမှုထက် နှစ်ဆပိုများနေတာပါ။

၂၀၁၄ ခူနှစ် မေလ ဇူလိုင် ၈ကနေ ဩဂုတ် တုန်းက အစ္စရေးဘက်က အရပ်သား ၆ ယောက်၊ ပါလက်စတိုင်းဘက်က အရပ်သား ၁၆၀၀ ကျော်သေဆုံးခဲ့ရတာပါ။

ခေတ်မီလူသတ်လက်နက်တွေ ပေါ်ထွန်းလာခြင်းရဲ့ ရလဒ်အနေနဲ့ နှစ်နိုင်ငံ အရပ်သားနဲ့ စစ်သားသေဆုံးမှုတွေဟာ စံချိန်တင်ခဲ့ရတာဖြစ်ပါတယ်။

လက်ဆယ်ဖက်စာကာလသေဆုံးမှုထက် လက်နှစ်ဖက်စာ သေဆုံးမှုက ပိုများစေခဲ့ပါပြီ။ အစ္စရေး-ဟားမက်စ် ရှေ့ဆက်တိုးနေကြဆဲမလို့ စံချိန်ပိုချိုးဖွယ်ပဲရှိနေပါတယ်။

Related News

Depend on news