ရက္ခိုင်ပြည်တွင် တစ်ရက်တာအတွင်း စစ်ကောင်စီက အရပ်သားပြည်သူ (၅၃) ဦးကို အဓမ္မ ဖမ်းဆီးသွားကာ ဘုရားစေတီနှင့် အရပ်သားများကို လေးကြိမ်ထက်မနည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့

Author အဂ္ဂ
Categories
Published on Dec 14, 2023

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့၏ တကျော့ပြန်စစ်ပွဲများ ပြန်လည်ပြင်းထန်နေသည့် ရက္ခိုင်ပြည်တွင် ယမန်နေ့ (ဒီဇင်ဘာ ၁၃ ရက်) တစ်ရက်တည်းအတွင်း စစ်ကောင်စီက အရပ်သားပြည်သူ (၅၃) ဦးကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကာ ရက္ခိုင်ပြည်အနှံ့အပြားတွင်လည်း ဘုရားစေတီပုထိုးများ အပြင် အရပ်သားပြည်သူများကို လေကြောင်းအပြင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

စစ်ကောင်စီတပ်များ အဓမ္မဖမ်းဆီးခေါ်တောင်သွားခြင်းခံရသည့်သူများသည် ရက္ခိုင်ပြည်၊ စစ်တွေမြို့၊ ကိုးရီးယားဆိပ်ကမ်းအောက်၌ ရပ်နားထားသော စက်လှေ၊ သမ္ဗာန်လှေ များမှ အမျိုးသမီး၊ အမျိုးသားများပါဝင်သော အရပ်သားပြည်သူစုစုပေါင်း (၅၃) ယောက်တို့ ဖြစ်ကြသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

 

ရက္ခိုင်ပြည် အမ်းမြို့နယ်ရှိ စစ်ကောင်စီ အခြေစိုက်တပ်စခန်းတစ်ခုဖြစ်သော ကဇုကိုင်း “တောဟိန်းတောင်တပ်စခန်း” မှ ယမန်နေ့ (ဒီဇင်ဘာ ၁၃ ရက်) နနံနက် (၁၁) နာရီ ခန့်တွင်   အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သဖြင့် အမ်းမြို့နယ်၊ ဒါးလက် ချောင်းအုပ်စု၊ အထက်ရွာဟောင်းကျေးရွာမှ အသက် (၅၄) နှစ်အရွယ် သက်ကြီးပိုင်းအမျိုးသား (၁) ဦးအား လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

 

အလားတူပင် ပေါက်တောမြို့နယ်၊ ပွဲကြည့်တောင်မြစ်ဝ၌ ရပ်နားထားသော စစ်ကောင်စီ၏ ရေတပ်သင်္ဘောမှ လက်နက်ကြီးဖြင့် ပေါက်တောမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့လည်းကောင်း၊  စစ်တွေမြို့ရှိ စစ်ကောင်စီ၏ ပါဒလိတ်အခြေစိုက် (၃၄၄) တပ်ရင်းမှ အရပ်သားပြည်သူလူထုများနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးဖြင့် လည်းကောင်း ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပေါက်တောမြို့နယ်၊ တောင်းဖူးကျေးရွာမှ နေအိမ် (၂) လုံး ပျက်စီးသွားခဲ့သည်ဟု သိရသည်။

 

ထို့အပြင် ယမန်နေ့ ညနေ (၄) နာရီ (၂၈) မိနစ်တွင် စစ်ကောင်စီ၏ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်သည် မြောက်ဦးမြို့အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သောကြောင့် မြောက်ဦးမြို့၊ ရှေးဟောင်းသမိုင်းဝင်နယ်‌မြေအတွင်းရှိ ရတနာ့မာန်အောင်စေတီ၊ ဘုရား သိမ်တော်ကြီးနှင့် ဘုန်းကြီးကျောင်းတို့အား ထိမှန်ခဲ့၍ ပျက်စီးမှုအချို့ရှိခဲ့သည်ဟုလည်း သိရသည်။

 

ရက္ခိုင်ပြည် နေရာအနှံ့တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူနှင့် ဘုရားစေတီပုထိုးများကို လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို  စစ်တွေမြို့ရှိ မြို့မဈေးကြီးဆိပ်ကမ်းတွင် ရပ်နား ထားသော ဘုတ်၊ စက်လှေနှင့် သမ္ဗာန်ငယ်များအား စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်‌ခြောက်ဦးခန့်မှ ယမ‌န်နေ့ (ဒီဇင်ဘာ ၁၃ ရက်) နံနက် (၆) နာရီဝန်းကျင်တွင်  လာရောက်ကာ သေနတ်များ ဖြင့် တမင်တကာခြောက်လှန့်ပစ်ခတ်ခဲ့သည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

 

တစ်နှစ်နီးပါးအပစ်ရပ်ထားရာမှ ပြန်လည်စတင်ခဲ့သည့် တကျော့ပြန်စစ်ပွဲအတွင်း အထိနာနေသည့် စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနေထိုင်ရာ မြို့များ၊ ကျေးရွာများအပြင် ဘုရားစေတီပုထိုးများကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေသကဲ့သို့ အရပ်သားပြည်သူများကိုဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုနေသည်ကိုလည်း တွေ့ရသည်။

 

ယမန်နေ့တွင် ဖြစ်ပွားခဲ့သည့် အရပ်သားပြည်သူ (၅၃) ဦးကို စစ်ကောင်စီက အဓမ္မဖမ်းဆီးခြင်းဖြစ်စဉ်မတိုင်ခင်တွင်လည်း ပေါက်တောမြိုတွင် အရပ်သားပြည်သူများကို စစ်ကောင်စီက လူသားဒိုင်းနှင့် ဓားစာခံအဖြစ်ဖမ်းဆီးထားမှုများ ပြုလုပ်ခဲ့သေးသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ပေါက်တောမြို့ရှိ မြို့မရဲစခန်းမှ ရဲအင်အား (၃၀) ကျော်သည် ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချအလင်းဝင်ပြီးနောက် အဆိုပါ ရဲစခန်းကို ရက္ခိုင့်တပ်တော်က ထိန်းသိမ်းထားစဉ် ကြည်းကြောင်း၊ ရေကြောင်း၊ လေကြောင်းမှ စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး မြို့တွင်းဝင်ရောက်လာသည့်အတွက် ရက္ခိုင့်တပ်တော်(AA) က ဆုတ်ခွာပေးလိုက်ရသည်။ ထိုနေ့မှစတင်ကာ စစ်ကောင်စီတပ်များသည် ပေါက်တောမြို့တွင် စခန်းချ တပ်စွဲကာ မြို့တွင်းရှိ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ကာ လူသားဒိုင်းအဖြစ်အသုံးပြုရန် ဓားစာခံများကို ဖမ်းဆီးထားခဲ့ခြင်းလည်းဖြစ်သည်။ ပေါက်တောမြို့ရှိ စစ်ကောင်စီတပ်သားများကို ဝင်ရောက်တိုက်ခိုက်ကာ အဆိုပါ ဓားစာခံများကယ်ထုတ်နိုင်ခြင်းကို ရက္ခိုင့်တပ်တော် (AA) က လေးကြိမ်ထိတောင်ရွက်နိုင်ခဲ့ပြီး ကျန်ရှိနေသေးသည့် ဓားစာခံများကယ်တင်နိုင်ရန် ဆက်လက်ကြိုးပမ်းနေသည့်အတွက် ပေါက်တောမြို့တွင် ယနေ့အချိန်ထိ တိုက်ပွဲမျ ပြင်းထန်လျက်ရှိသည်။

 

ရက္ခိုင်ပြည်တွင် နိုဝင်ဘာ (၁၃) ရက်မှ စတင်ကာ ရက္ခိုင့်တပ်တော် (AA) က ၁၀၂၇ စစ်တင်ရေးကို စတင်ဆင်နွှဲခဲ့ပြီး လက်ရှိ အချိန်ထိ စစ်ရေးတင်းမာပြင်းထန်လျက်ရှိသည်။ ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီ၏ အခြေစိုက်စခန်း၊ ရဲစခန်း၊ နယ်ခြားစောင့်တပ်စခန်းပေါင်း (၄၄) ခုထက်မနည်း သိမ်းယူထားနိုင်သလို စစ်ရေးအရ အချက်အချာကျသည့် ပလက်ဝမြို့နယ်ရှိ ထရွန်အိုင်ဗျူဟာကုန်းနှင့် နှုံးဘူး ဗျူဟာကုန်းတို့ကိုပါ ရက်ပေါင်း (၂၀) ကျော်အကြာ တိုက်ခိုက်ပြီးနောက်တွင် သိမ်းပိုက်နေရာယူထားနိုင်ခဲ့သည်ဟု ရက္ခိုင့်တပ်တော် (AA) ထုတ်ပြန်ချက်များအရသိရသည်။

 

ဓာတ်ပုံ – AA Info Desk

 

စာညွှန်း –  ပေါက်တောမြို့ရှိ စစ်ကောင်စီတပ် ဖမ်းဆီးထားသည့် ဓားစာခံအရပ်သားပြည်သူအချို့ကို ရက္ခိုင့်တပ်တော်က  ဒီဇင်ဘာ (၁) ရက်နေ့က ကယ်ထုတ်နိုင်ခဲ့စဉ် (ပုံအဟောင်း)

Related News

Depend on news