ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ တာဝန်ခံ Someday နှင့် ဆက်သွယ်မေးမြန်းချက်

Author မင်းထက်
Categories
Published on Oct 12, 2023

ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ကိုတည်ထောင်ခဲ့သည့် ၁ နှစ်ခွဲခန့်ကာလအတွင်း Drone Mission ပေါင်း ၈၀ ကျော်၊ မိုင်းဆွဲတိုက်ခိုက်မှု ဆယ်ကြိမ်နှင့် စစ်ကောင်စီထောက်တိုင် ရဲနှင့် မော်တော်ပီကယ်တို့ကို ရှင်းလင်းခြင်း ငါးကြိမ်ခန့်ရှိခဲ့ပြီး စစ်ကောင်စီတပ်သား စုစုပေါင်းခန့်မှန်းချေ ၂၀ ကျော်ကို ရှင်းလင်းထားနိုင်ခဲ့သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ယင်းအဖွဲ့၏ ရှေ့ဆက်လုပ်ဆောင်မည့်အရေးအရာများ၊ အခက်အခဲနှင့် လိုအပ်ချက်များ၊ လက်နက်အင်အား၊ လူအင်အားအခြေအနေများနှင့်ပတ်သက်၍ တာဝန်ခံ Someday နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

CJ Platform

CJ – ဟုတ်ကဲ့ ဆရာတို့အဖွဲ့မှာ ဘာတွေလိုအပ်နေပါသလဲ။

Someday – ကွက်တိပါပဲ အကိုမေးတဲ့အချိန်မှာ သိန်း၂၀၀ Project လေးလုပ်နေတာ။

CJ – ဆရာတို့အနေနဲ့ ထိတွေ့တိုက်ပွဲတွေရော ကြုံရပါလား။ ရှိခဲ့ရင် တိုက်ပွဲတွင်း လက်နက်မမျှတမှု ကြုံရလား။ ကြုံရရင် ဘယ်လို မမျှတာမှုမျိုးတွေရှိခဲ့လဲဆိုတာလေး ပြောပြပေးပါဦး။

Someday- ဒါပေမဲ့ အဲဒါက ယူနီကွန်းအနေနဲ့ မဖွဲ့စည်းခင်ကပါ။ အဲဒီတုန်းက လက်နက်ခဲယမ်းကတော့ မမျှပါဘူး။ ကျနော်တို့ဘက်က စုစုပေါင်း Auto က ဆယ်လက်တောင်မပြည့်ပါဘူး။ တိုက်ပွဲဖော်ဖို့ သွားတုန်းရှိသေး။ ကင်းပုန်းဝပ်ပြီး ပစ်ခံရလို့ ခွေးပြေးဝက်ပြေးပြေးခဲ့ရတာပါ။ စုစုပေါင်း အင်အားတစ်ရာနီးပါး သွားတာ ၃ ယောက် ပေးလိုက်ရပါတယ်။

CJ – ဆရာတို့အဖွဲ့ထံ NUG ဘက်က ထောက်ပံ့မှုကိုရော လက်ခံရရှိခဲ့လား။ မထောက်ပံ့ဘူးလား။ ထောက်ပံ့ပေမယ့် နည်းနေတာလား။

Someday – ထောက့်ပံမှု မရှိပါဘူးဗျ။ ပြည်သူ့ထောက်ပံ့ငွေနဲ့ ကိုယ်ပိုင်ရှိတဲ့ငွေလေးတွေနဲ့ပဲ ရပ်တည်ပါတယ်။

CJ – ပြည်သူတွေရဲ့ ထောက်ပံ့မှု အနေအထားရော ဘယ်လိုရှိပါသလဲ။ ယခင်ထက် အင်အားကောင်းလာသလား။ လျော့နည်းလာသလား။

Someday- အင်းအားလျော့တာပေါ့။ အများကြီးကိုလျော့တာပါ။ အဓိကက နောက်ပိုင်း ထောက်ပို့တွေက ဘာကြည့်လာလဲဆိုတော့ MOD(NUG ကာကွယ်ရေးဝန်ကြီးဌာန) အောက်မှာ ရှိမရှိပဲ ကြည့်ကြတော့တာပေါ့။ သူတို့ဘက်က ကြည့်ရင်လည်း မမှားပါဘူး။ မြေပြင်မှာက အဖွဲ့အစည်းတွေက မှိုလိုပေါနေတော့ အကုန်လိုက်မကြည့်နိုင်တော့ဘူးလေ။ ဒါပေမဲ့ တစ်ခုတော့ရှိတာပေါ့ဗျာ။အခုလိုနယ်မြေစိုးမိုးမှုတွေ ယူနိုင်တာက Local တွေ အများကြီး ကြိုးစားပေးခဲ့ကြလို့ပဲလေ။

CJ – ပြီးတော့ တိုက်ပွဲတွေမှာ ဆုံးရှုံးမှုတွေရှိခဲ့လား။

Someday – ရဲဘော်တစ်ယောက်ဆုံးရှုံးဖူးတယ်။ Drone နှစ်စီး ဆုံးရှုံးဖူးတယ်။ ဆိုင်ကယ်တွေဆုံးရှုံးဖူးပါတယ်။လက်နက်ခဲယမ်းဆုံးရှူံးတာတော့ မရှိသေးပါဘူး။

CJ – ဆရာတို့အနေနဲ့ လက်နက်လိုအပ်ချက်များနေလား။ လက်နက်ခဲယမ်း ဝယ်ယူရေးအပိုင်းမှာ အဆင်ပြေမှုရှိရဲ့လား။ ယခုလက်ရှိမှာ လိုအပ်ချက်က ဘာတွေရှိနေလဲ။

Someday- အဆင်မပြေပါဘူးဗျ။ ၉ လပိုင်းကနေ Drone Project လေးလုပ်ထားတာ အခုထိ မပြည့်သေးပါဘူး။သိန်း ၂၀၀ ထဲတင်ပါ။ အဲဒါတောင် ခုထိ တဝက်နီးပါးပဲ ရှိနေပါသေးတယ်။

CJ – Drone project နဲ့ပတ်သက်ပြီးလည်း ပြောပေးပါဦး။

Someday – ဒီပရောဂျက်ကို ၉ လပိုင်း လအစက စခဲ့တာပါ။ သတ်မှတ်ကာလ တစ်လသတ်မှတ်ခဲ့ပေမယ့် အခုထိ တဝက်နီးပါးပဲ ရှိနေသေးလို့ ဆက် Run နေရပါတယ်ဗျ။ သိန်း၂၀၀ မဖြစ်မနေပြည့်ဖို့ လိုအပ်နေလို့ မပြည့်မချင်းသွားနေရမှာပါ။ ပါ၀င်လှူဒါန်းမှုမှာ အဓိကကတော့ NUG Pay နဲ့ပါဝင်လို့ရပြီး Kpay၊ Wave တွေနဲ့လည်း ပါဝင်လို့ရပါတယ်။

CJ – အဖွဲ့စည်းနဲ့ပတ်သက်ပြီး လတ်တလော ဘာတွေလုပ်ဆောင်ဖို့ရှိနေသေးလဲ။

Someday- လက်ရှိကတော့ မိုင်းဆွဲတိုက်ခိုက်တာတွေ၊ Drone mission တွေ ဆက်တိုက် ဖော်ဆောင်နေပါတယ်။ အခြေအနေတစ်ခုကြောင့် သတင်းမတင်တာပါ။

CJ – ဆရာတို့အနေနဲ့ ပြည်သူထံပေးချင်တဲ့ သတင်းစကားများ ပြောပေးပါဦး။

Someday- သတင်းစကားရယ်လို့ဆိုတာထက်။ ကျနော်တို့ အနေနဲ့ လက်ရှိအချိန်ထိ အကောင်းဆုံးကြိုးစားပြီး တော်လှန်လာခဲ့တာပါ။ ပြည်သူ့ထောက်ပံ့မှုက အဓိကပါ။တကယ်လို့ ပြည်သူ့ထောက်ပံ့မှု မရှိတော့ရင်ပဲဖြစ်ဖြစ် နည်းသွားရင်ပဲဖြစ်ဖြစ်၊ ကျနော်တို့အနေနဲ့ ရပ်တည်မရတဲ့အချိန်မှာ အဖွဲ့ဖျက်သိမ်းတာပဲဖြစ်ဖြစ် အဆင်ပြေသလို လုပ်သွားမှာပါ။ ဒါပေမဲ့ တတ်နိုင်တဲ့နည်းနဲ့ ရသမျှ အင်အားရှိသလောက်နဲ့တော့ တော်လှန်နေဦးမှာပါ။