ယူနက်စကို ဝင် ဆုန်ခရန်ပွဲတော်နှင့် ထိုင်းအစိုးရသစ်၏ နိုင်ငံတကာ ပုံရိပ်မြှင့်တင်ရေးခြေလှမ်း

Author အဂ္ဂ
Categories
Published on Mar 01, 2024

ယူနက်စကိုဝင်ထားသော ဆုန်ခရန်ပွဲတော်(သင်္ကြန်ပွဲတော်)ကို ယခုနှစ်တွင် ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်၌ အကြီးအကျယ်ကျင်းပရန် ထိုင်းအစိုးရသစ်က အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်းဌာနနှင့် နိုင်ငံတကာ သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ယင်းမှာ ပြီးခဲ့သည့်နှစ်ကမှ တက်လာသည့် ထိုင်းအစိုးရသစ်၏ Soft Power မြှင့်တင်ရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ယခင်နှစ်များထက် တမူထူးခြားစွာ ကျင်းပနိုင်ကြောင်း ရေးသားဖော်ပြကြသည်။
“ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (TAT)က အစိုးရရဲ့ Soft Power မြှင့်တင်ရေး တစ်စိတ်တစ်ပိုင်းအနေနဲ့ အခုနှစ် သင်္ကြန်ပွဲတော်ကိုကျင်းပဖို့ စီစဉ်ဆောင်ရွက်နေတာကြောင့် ဒီမှာ(ဘန်ကောက်မြို့)လုပ်မယ့် ပွဲက တကယ်ကိုကြီးကျယ်ခမ်းနားမှာပါ” ဟု ဘန်ကောက်မြို့တော်ဝန် ချတ်ချာ့(တ်) ဆစ်တီပန့်(တ်) (Chadchart Sittipunt) က ဗုဒ္ဓဟူးနေ့က ပြောကြားသည်။
ဘန်ကောက်မြို့တွင် ဧပြီလ (၁၀) ရက်နေ့မှ (၁၈) ရက်နေ့အထိ ကိုးရက်တာပြုလုပ်မည့် ဆုန်ခရန်ပွဲတော်အတွက် ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့(BMA)မှ အမှုဆောင်အရာရှိများ၏ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီးနောက်တွင် ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ခေါင်ဆန်လမ်းကို ဘန်ကောက်မြို့၏ ဆုန်ခရန်ပွဲတော်အဓိကနေရာအဖြစ် သတ်မှတ်မည်ဖြစ်ပြီး TAT က ဘန်ကောက်မြို့တွင် “မဟာဆုန်ခရန် ကမ္ဘာ့ရေကစားပွဲတော် ၂၀၂၄” ကို ကျင်းပရန် ရွေးချယ်ထားသည့် Ratchadamnoen Klang Avenue နဲ့ Sanam Luang လမ်းတို့နှင့် ချိတ်ဆက်သွားမည်ဖြစ်သည်ဟုလည်း မြို့တော်ဝန်က ဆက်ပြောသည်။
TAT သည် ထိုင်းဒေသတွင်းရှိ ဒေသအသီးသီးကို ကိုယ်စားပြုသည့် အခြားသော ဆုန်ခရန်ပွဲတော်ကျင်းပမည့် နေရာများနှင့်အတူ အဆိုပါ‌နေရာနှစ်ခုကို ဘန်ကောက်မြို့တွင် ရွေးချယ်ခဲ့ခြင်းလည်းဖြစ်သည်။
“Ratchadamnoen Klang Avenue နဲ့ Sanam Luang လမ်းတွေဟာ ဘန်ကောက်မြို့ရဲ့ ထူးခြားထင်ရှားတဲ့ ဝိသေသလက္ခဏာတွေရှိတဲ့လမ်းတွေဖြစ်တာကြောင့် ဆုန်ခရန်ပွဲတော်ကျင်းပမယ့်နေရာတွေအဖြစ် တရားဝင်ရွေးချယ်ခဲ့ရခြင်းဖြစ်ပါတယ်” ဟု TAT အဖွဲ့က ဆိုသည်။
TAT ၏ “မဟာဆုန်ခရန် ကမ္ဘာ့ရေကစားပွဲတော် ၂၀၂၄” ကို ထိုင်းနိုင်ငံတဝှမ်းတွင် ဧပြီလ ၁၁ ရက်နေ့မှ ဧပြီလ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်လည်းဖြစ်သည်။
TAT ၏ ဆုန်ခရန်ပွဲတော် ရန်ပုံငွေအတွက် အစိုးရ၏ ဗဟိုဘတ်ဂျက်မှ ဘတ်ငွေ ၁၀၄ ဒသမ ၈၇ ဘီလီယံ အသုံးပြုနိုင်ရန်အတွက် အစိုးရအဖွဲ့က ဖေဖော်ဝါရီ ၂၀ ရက်နေ့က အတည်ပြုခဲ့ပြီးနောက် ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားခရီးသည် နှစ်သိန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့သည်။
ယခုနှစ် ပွဲတော်မှ ခရီးသွားလုပ်ငန်းနှင့် ဆက်နွှယ်သော ဝင်ငွေ ဘတ် ၃ ဒသမ ၁၂ ဘီလီယံခန့်ကို ရရှိနိုင်ရန်နှင့် ကမ္ဘာ့ထိပ်တန်း ပွဲတော် ၁၀ ခုထဲမှ တစ်ခုဖြစ်လာရန်ကိုလည်း မျှော်မှန်းထားကြောင်း TAT က ဆိုသည်။
လာမည့်ပွဲတော်အတွက် ခေါင်ဆန်လမ်းနှင့် အနီးပတ်ဝန်းကျင်နေရာများကို ပြင်ဆင်နေကြစဉ် BMA သည် ပွဲတော်ကာလတစ်လျှောက် ခရီးသွားများကို ကူညီရန် ဝန်ဆောင်မှုစင်တာတစ်ခု ထူထောင်ရန် စီစဉ်နေကြောင်း မြို့တော်ဝန်က ပြောသည်။
သင်္ကြန်ပွဲတော်ကျင်းပသည့်နေရာများတွင် ယာဉ်ကြောပိတ်ဆို့မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် အများပြည်သူဘေးကင်းစေရန်အတွက် မြို့တော်ရဲဌာနနှင့်လည်း အနီးကပ်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
မှုခင်းများ သို့မဟုတ် မတော်တဆမှုဖြစ်လေ့ရှိသောဇုန်များဟု သတ်မှတ်သည့်နေရာများတွင် လုံခြုံရေးကင်းလှည့်မှုများကို တိုးချဲ့ဆောင်ရွက်မည်ဖြစ်ပြီး ကြီးကြီးမားမားဖြစ်ရပ်များကို လျင်မြန်စွာ တုံ့ပြန်မှု ရှိစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြားကို အလျင်အမြန် ဖြန့်ကျက်ထားရှိမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ထိုင်းနိုင်ငံ၏ ဆုန်ခရန်ရေသဘင်ပွဲကို ဒြပ်မဲ့ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO)က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထဲတွင် သတ်မှတ်အတည်ပြု လိုက်ပြီးနောက် ပထမဦးဆုံအကြိမ်ကျင်းပမည့် ဆုန်ခရန်ပွဲတော်ကို ထိုင်းနိုင်ငံဘက်က အကြီးအကျယ် ကျင်းပပြုလုပ်ရန် ကြိုးပမ်းဆောင်ရွက်နေခြင်းလည်းဖြစ်သည်။
ထိုင်းနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် Songkran(ဆုန်ခရန်ရေသဘင်ပွဲတော်)အပါအဝင် ၂၀ဝ၈ ခုနှစ်တွင် Khon (မျက်နှာဖုံးစွပ်အကပြဇာတ်)၊ ၂၀၁၉ ခုနှစ်တွင် Nuad Thai (ထိုင်းရိုးရာအနှိပ်ပညာ)နှင့် ၂၀၂၁ ခုနှစ်တွင် Nora (ထိုင်းတောင်ပိုင်းရှိ အကပြဇာတ်) စသည့် ထိုင်းရိုးရာယဉ်ကျေးမှုအမွေအနှစ်လေးခုကို UNESCO က အသိအမှတ်ပြုကာ ဒြပ်မဲ့ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းဖော်ပြခံထားရသည့် နိုင်ငံလည်း ဖြစ်သည်။