ယမန်နေ့က စခန်းနှစ်ခု ထိပ်မံသိမ်းယူနိုင်ခဲ့ကာ စစ်ကောင်စီတပ်သားတစ်ဦးလည်း အလင်းဝင်ခဲ့သည်ဟု MNDAA ထုတ်ပြန် စစ်ကောင်စီ တပ်စခန်းပေါင်း (၁၆၇) ခုကို ကိုးကန့်တပ်များ သိမ်းယူထားနိုင်ခဲ့

Author အဂ္ဂ
Categories
Published on Nov 24, 2023

၁၀၂၇ စစ်ဆင်ရေး (၂၈) ရက်မြောက်နေ့ဖြစ်သည့် ယမန်နေ့ (နိုဝင်ဘာ ၂၃) တွင် ကိုးကန့်ဒေသ မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်း (၂) ခုကို ထပ်မံသိမ်းယူနိုင်ခဲ့သလို အထူးဒေသ(၁) ကိုးကန့်ခရိုင် ရှီးရှမ်းဒေသတွင်လည်း စစ်ကောင်စိတပ်သားတစ်ဦးက အုပ်ချုပ်ရေးမှူးထံ လက်နက်ချ အလင်းဝင်ခဲ့သည်ဟု ကိုးကန့်တပ် (MNDAA) က ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

သိမ်းယူနိုင်ခဲ့သော စခန်းများမှာ ရှီးရှမ်းဒေသ၊ လူရွှေအနီး သူ့ကြားလယ်ကွင်းအနောက် တောင်ကုန်းတွင် အခြေချသော စစ်ကောင်စီတပ်စခန်းနှင့် တုန်းရှမ်းဒေသ ရှိဟူတောင်နေရာရှိ တပ်စခန်းတို့ ဖြစ်သည်ဟု သိရသည်။

ရှီးရှမ်းဒေသ၊ လူရွှေအနီး သူ့ကြားလယ်ကွင်းအနောက် တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းကို ယမန်နေ့  နံနက် (၁၀) နာရီခန့်တွင် ဒရုန်းများဖြင့် ပစ်ခတ်ပြီးနောက် ခြေလျင်တပ်ဖွဲ့များဖြင့် ထိုးစစ်တင်တိုက်ခိုက်ခဲ့ပြီး နေ့လယ် (၂) နာရီ (၁၀) မိနစ်အချိန်တွင် စခန်းကိုသိမ်းနိုင်ခဲ့ကာ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ရှီးရှမ်းဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေစဉ် ဖောက်လုပ်တောင်စခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားတစ်ဦး ရှီးရှမ်းဒေသ အုပ်ချုပ်ရေးမှူးထံ အလင်းဝင်လာခဲ့သည်ဟုလည်း ဆိုသည်။

 

တုန်းရှမ်းဒေသ၊ ရှိဟူတောင်တပ်စခန်းကိုမူ ယမန်နေ့ နေ့လယ် (၃) နာရီ (၃၀) မိနစ်ခန့်တွင် ဒရုန်းများ၏ ပစ်ကူမှုဖြင့် တိုက်ခိုက်ခဲ့ကာ (၄) နာရီ (၅၀) မိနစ်အချိန်တွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

 

ထို့အပြင် နိုဝင်ဘာ (၂၂) ရက်နေ့တွင် လောင်ရှုကုတ်ဒေသတွင်ရှိသော ကိုးကန့်တပ် (MNDAA) များ တပ်စွဲထားရာနေရာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် နံနက် (၈) နာရီမှ စတင်ကာ ထိုးစစ်တိုက်ခိုက်ခဲ့သဖြင့်  နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်ကာ ညနေ (၆) နာရီ (၁၀) မိနစ်အချိန်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က တပ်ပြန်ဆုတ်သွားသည်ဟုလည်း ဖော်ပြထားသည်။

 

အဆိုပါ တိုက်ပွဲပြီးနောက် ကိုးကန့်တပ်(MNDAA) များက နယ်မြေရှင်းလင်းရေးလုပ်စဉ် (၆၀) မမအမြောက် နှစ်လက်၊ (၈၁) အမျိုးအစား တစ်လက်အပါအဝင် ရိုင်ဖယ် လေးလက်၊ ပစ္စတိုတစ်လက်တို့ကို သိမ်းဆည်းနိုင်ခဲ့ပြီး စွန့်ပစ်ခံထားရသည့်  ဗိုလ်အဆင့်အပါအဝင် စစ်ကောင်စီတပ်သားလေးဦး၏ ရုပ်အလောင်းများကိုလည်း တွေ့ရှိခဲ့ကြောင်း၊ ကိုးကန့်တပ်(MNDAA) ရှေ့တန်းအရာရှိ ပြောကြားချက်အရ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၁၀) ဦး သေဆုံးခဲ့ကြောင်း သိရသည်ဟုလည်း ဖော်ပြထားသည်။

 

ယမန်နေ့ ညနေ (၄) နာရီခန့်အချိန်တွင် စစ်ကောင်စီဘက်က အင်အား (၅၀) ခန့် စစ်ကူအဖြစ် လောင်ရှုကုတ်ဒေသကို ရောက်လာသော်လည်း တိုက်ပွဲထပ်မံဖြစ်ပွားခြင်းမရှိခဲ့ကြောင်း၊ သို့သော်  ကိုးကန့်တပ်များ အခြေချနေထိုင်သည့် နန်ဟူခံတပ်ကိုမူ စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့်ပစ်ခဲ့ပြီး တိုက်လေယာဉ်ဖြင့်လည်း နှစ်ကြိမ်လာရောက် ဗုံးကြဲခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။

 

နိုဝင်ဘာ (၂၂) ရက် ညနေ (၂) နာရီ (၃၀) ခန့်အချိန်တွင် ကိုးကန့်တပ်(MNDAA) သည် ရင့်ရှင်၊ ကွမ်ညို ရှင်းရာခုတ်နေရာတွင် အခြေချထားသည့် စစ်ကောင်စီတပ်စခန်းကို ဒရုန်းပစ်ကူမှုဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၃) နာရီ (၁၀) မိနစ်အချိန်တွင် သိမ်းယူနိုင်ခဲ့သေးသည့်အတွက် လက်ရှိအချိန်အထိ ကိုးကန့်တပ်(MNDAA) များ သိမ်းယူနိုင်ခဲ့သည့် စစ်ကောင်စီတပ်စခန်းပေါင်း (၁၆၇) ခုအထိရှိလာပြီဟုလည်း သိရသည်။

 

ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ရေး စတင်ကတည်းက စစ်ကောင်စီသည် ရှမ်းမြောက်တခွင်ရှိ အခြေစိုက်တပ်စခန်း အမြောက်အမြားကို လက်လွှတ်နေရပြီး ကိုးကန့်တပ် (MNDAA) ထံ စခန်းပေါင်း (၁၆၇) ခု၊  တအာင်းတပ်တော် (TNLA) ထံ (၄၇) ခုထက်မနည်း လက်လွှတ်လိုက်ရပြီဖြစ်ကာ ညီနောင်မဟာမိတ်သုံးဖွဲ့ အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) နှင့် ရခိုင်ပြည်တွင် တစ်နှစ်နီးပါး အပစ်ရပ်ထားရာမှ တကျော့ပြန်  ‌ဖြစ်ပွားခဲ့သည့် ရက္ခိုင်ပြည် တိုက်ပွဲများအတွင်းတွင်လည်း စခန်းပေါင်း (၄၄) ခုထက်မနည်း လက်လွှတ်ထားရပြီလည်း ဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီသည် ရှမ်းမြောက်တခွင်နှင့် ရက္ခိုင်ပြည်ရှိ တပ်စခန်းပေါင်း (၂၆၀) နီးပါးကို ညီနောင်မဟာမိတ်သုံးဖွဲ့ထံ လက်လွှတ်လိုက်ရပြီလည်း ဖြစ်သည်။