ယနေ့မနက် ဒီပဲယင်းတွင် အရပ်သားတစ်ဦးအား စစ်ကောင်စီစစ်ကြောင်းမှ သတ်ဖြတ်သွား

Author ခေတ်နီ
Categories
Published on Sep 30, 2023

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် ယနေ့မနက်ပိုင်း၌ ကျေးရွာများအား လှည့်လည်ဖျက်ဆီးနေသည့် စစ်ကောင်စီစစ်ကြောင်းသည် အရပ်သားတစ်ဦးအားဦး ခေါင်းဖြတ်ကာ သတ်ဖြတ်သွားကြောင်း စစ်ရှောင်အရေး ကူညီသူများထံမှ သိရသည်။

ဒီပဲယင်းမြို့ပေါ်မှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်၏ ခလရ ၇၁ စစ်ကြောင်းသည် ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်း ၇နာရီမှ စတင်ကာ ကျေးရွာများအား လှည့်လည် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

အဆိုပါ စစ်ကြောင်းသည် ၎င်းတို့လှည့်လှည်ရာလမ်းကြောင်းရှိ လက်တီးကျေးရွာသို့ ဝင်ရောက်ကာ အရပ်သားအမျိုးသားတစ်ဦးအား ဦးခေါင်းဖြတ်ကာ သတ်ဖြတ်ခဲ့ပြီး အရပ်သားနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“အသတ်ခံရတာကတော့ ဟုတ်ပါတယ်ဗျ ကျနော်တို့ အတည်ပြုပြီးပါပြီ၊ နောက်အဲ့က ဒေသခံနှစ်ယောက်ကိုလည်း ဖမ်းသွားတယ်ဗျ နာမည်တွေကိုတော့ သေချာ မပြောနိုင်သေးပါဘူး”ဟု ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့ တာဝန်ရှိသူမှဆိုသည်။

လက်ရှိတွင် အဆိုပါ စစ်ကြောင်းသည် အေးသာယာ(ပျံကျ)ကျေးရွာတွင် ရောက်ရှိနေပြီး အဆိုပါ ကျေးရွာအနီးကိုလည်း Mi 35 ရဟတ်ယာဥ်ဖြင့် ပတ်ခတ်မှုများ လုပ်ဆောင်ခဲ့သေးကြောင်း သိရသည်။

ထိုစစ်ကြောင်း ဝင်ရောက်မှုများကြောင်း ယင်းတွေ ၊ပုဂံ ၊လက်တီး ၊အောင်ချမ်းသာနှင့် မှန်သာရွာများ အပါအဝင် ကျေးရွာ ၁၄ ရွာမှ ဒေသခံတစ်သောင်းထက်မနည်းသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ- ဒီပဲယင်းမြိုနယ် ညီနောင်များ
ပုံစာညွှန်း – စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်သူများ