ယနေ့တွင် ကျောင်းမတက်သူများ စာမေးပွဲကျမည်ဟု ခြိမ်းခြောက်မှုများရှိ၊ ရန်ကုန်မှ International School အချို့ ကျောင်းပိတ်ပေး

Author လင်းခိုင်
Categories
Published on Feb 01, 2023

 

ယနေ့တွင် ကျောင်းမတက်သူများကို စာမေးပွဲကျမည်ဟု Non CDM ဆရာ၊ ဆရာမများက ခြိမ်းခြောက်မှုများရှိခဲ့ကြောင်း Shwe Pyi Thar Information က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ လက်အောက်ခံ ကျောင်းများအနေဖြင့် ယနေ့တွင် ကျောင်းသားများကို ဖိအားပေး ကျောင်းတက်ခိုင်းမှုများရှိနေသော်လည်း International School အချို့မှ ကျောင်းပိတ်ပေးထားကြောင်းလည်း ကျောင်းသားမိဘများထံမှ စုံစမ်းသိရှိရသည်။

“ကျွန်မသမီးကို International School မှာကျောင်းထားတာ၊ သူတို့ကျောင်းကတော့ ပိတ်ပေးတယ်။ ဒီနေ့ ဘယ်သူမှ အပြင်မထွက်တော့ အခုလိုပိတ်ပေးတာ ကျေးဇူးတင်တယ်။ စစ်တပ်ရဲ့ ကျောင်းအခြေနေကိုတော့ သေချာမသိဘူး”ဟု လှိုင်မြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ အရွယ် ကျောင်းသား မိဘတစ်ဦးကပြောကြားသည်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်ရှိ အမှတ် (၃၄) မူလွန်ကျောင်းမှ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများကို ဖေဖော်ဝါရီ ၁ ရက်(ယနေ့) တွင် ကျောင်းမပျက်မကွက် တက်ရောက်ရန် မှာကြားခဲ့ခြင်းဖြစ်သည်။

“စာမေးပွဲက ၈ ရက်နေ့ရှိတယ်လို့ပြောတယ်။ နက်ဖြန်ကျောင်းတက်တဲ့ ကလေးကို စာမေးပွဲမေးခွန်းပေးမယ်။ မတက်တဲ့သူကို ဖြေနိုင်ရင်တော့ အတန်းတင်ပေးလို့မရဘူး။ စာမေးပွဲကျမယ်လို့ ခြိမ်းခြောက်ထားတယ်”ဟု ရပ်ကွက်နေပြည်သူ တစ်ဦးက ပြောကြားကြောင်း Shwe Pyi Thar Information တွင် ဖော်ပြထားသည်။

Non CDM ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများကို ယနေ့တွင် မဖြစ်မနေ ကျောင်းတက်ရန် ဖိအားပေးမှုများရှိနေသော်လည်း ရွှေပြည်သာ အ ထ က ၂ မှ အထက်တန်းကျောင်းသား၊ ကျောင်းသူများသည် ကျောင်းတက်ခြင်းမရှိကြောင်းလည်းသိရသည်။

“သမီးတို့ တစ်တန်းလုံး ဒီနေ့ကျောင်းမတက်ဘူး။ အသံပိတ်သပိတ်လုပ်တယ်ဆိုတော့ သူငယ်ချင်းတွေ အားလုံးတိုင်ပင်ပြီး မတက်ကျဘူး။ နောက်နေ့တော့ ဆရာမတွေက ဘာပြောမယ်တော့မသိဘူး။ ဒီနေ့တော့ ကျောင်းနားတယ်” ဟု ရွှေပြည်သာ အ ထ က ၂ မှ ဆယ်တန်းကျောင်းသူ တစ်ဦးက ပြောကြားသည်။

ယနေ့သည် စစ်ကောင်စီမှ အာဏာသိမ်းထားသည်မှာ ၂ နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်သဖြင့် ယင်းသို့ အာဏာသိမ်းသည်ကို လက်မခံကြောင်း ပြသသည့်အနေဖြင့် တော်လှန်ရေးအင်အားစုများမှ အပြင်မထွက် အသံတိတ် သပိတ်ပြုလုပ်ရန် နှိုးဆော်ခဲ့ပြီးနောက် ပြည်သူများသည် ညီညွတ်စွာဖြင့် အသံတိတ်သပိတ်ကို ဖော်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ- လူမှုကွန်ရက်
ပုံစာညွှန်း- စစ်ကောင်စီတပ်သားများ စောင့်ဆိုင်းနေသည့် စာသင်ကျောင်းတစ်ကျောင်းအား မြင်ရပုံ ပုံအဟောင်း
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #အသံတိတ်သပိတ် #စာသင်ကျောင်း #စစ်ကျွန်ပညာရေး