ယင်းမာပင်တွင် သုံးနှစ်ပြည့် ရွာပေါင်းစုံ သပိတ် အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ်

Author လင်းနွေဦး
Categories
Published on Mar 09, 2024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ရွာပေါင်းစုံသပိတ် သုံးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှုကို ယနေ့ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်း တာဝန်ခံက CJ Platform သို့ ပြောသည်။

သပိတ်စစ်ကြောင်း လူထုလှုပ်ရှားမှုအတွင်း ကျေးရွာပေါင်းစုံမှ အာဏာရှင်စနစ်ကို မနှစ်သက်သည့် ပြည်သူများအပြင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းကော်မတီ အဖွဲ့ဝင်များပါ ပါဝင်အားဖြည့်ကူညီခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“သုံးနှစ်ပြည့်ထိတိုင် အခက်အခဲများကို ကြံ့ကြံ့ခိုင်ပြီး ဆက်လက်ရပ်တည်နေတဲ့ ပြည်သူလူထုရဲ့ ဇွဲလုံ့လတို့ကို လေးစားသောအားဖြင့် အဆိုပါဖိတ်ကြားမှုကို ပူပေါင်းဝန်ရံခြင်းဖြစ်ပါတယ်” ဟု အထက်ပါတာဝန်ခံက CJ Platform သို့ ပြောသည်။

လူထုလှုပ်ရှားမှု သပိတ်စစ်ကြောင်းချီတက်မှု အတွင်း ပြည်သူများမှ “ပြည်သူ့ယန္တရား ခိုင်မာရေး လူထုအားနဲ့ ထိန်းကြောင်းပေး”၊ “တော်လှန်ရေးသည် ၂၀၀၈ အောက်ပြန်ဝင်ဖို့မဟုတ်”၊ “တော်လှန်ရေးအင်အားစုများ ညီညွတ်ရေး လူထုအားနဲ့ တွန်းအားပေး” စသည့်ဘန်နာများ ကိုင်စွဲကာ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။