ယင်းမာပင်ခရိုင်အတွင်း ကျားဘီလူးစစ်ကြောင်းနှင့် PDF များကြား နေ့စဉ်တိုက်ပွဲဖြစ်နေဟုဆို

Author မင်းထက်
Categories
Published on Oct 25, 2023

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်း အောက်တိုဘာလဆန်းပိုင်းမှစတင်၍ ကျားဘီလူးစစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်များကြား နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားနေကြောင်း ယင်းခရိုင်တပ်ရင်း(၂၇) တပ်ရေးဗိုလ် မင်းကိုက CJ Platform သို့ ပြောကြားသည်။

ယင်းမာပင်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော(ကျားဘီလူးစစ်ကြောင်း)ခမရ ၃၆၈ နှင့် ပျူစောထီးများပါဝင်သော အင်အား (၁၅၀)ခန့် စကစ စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား နေ့စဥ်နှင့်အမျှ တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

ထိုတိုက်ပွဲများအတွင်း ကျားဘီလူးစစ်ကြောင်းဘက်က စစ် သား ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထိုသို့သော ဒေသတွင်းထိတွေ့တိုက်ပွဲများအပြင် ယင်းမာပင်ခရိုင်အတွင်းရှိ ယင်းမာပင်နှင့် ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ၏ စစ်ကြောင်းထိုး ၀င်ရောက်အကြမ်းဖက်မှုများကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

“ယင်းမာပင်မြို့နယ် အရှေ့မြောက်ခြမ်းက စစ်ဘေးရှောင် ဆယ်ရွာလောက်ရယ်နဲ့ လက်ရှိ ယင်းမာပင်မြို့အနီး စစ်ကြောင်းရယ်ကြောင့် ပေါင်းရင် စစ်ဘေးရှောင် သုံးထောင်ကျော်လောက်ရှိတယ်” ဟု တပ်ရေးဗိုလ် မင်းကိုက ပြောသည်။

ပြည်သူများသည် ရာသီဥတုဒဏ်နှင့် စစ်ကြောင်းများနှင့်ဝေးရာရှောင်တိမ်းနေကြရပြီး အဆင်ပြေသလို နေထိုင်စားသောက်နေကြရသောကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးတို့အပါအဝင် အမိုးအကာများနှင့် အခြားလိုအပ်ချက်များစွာရှိနေကာ လူသားချင်းစာနာမှုအကူအညီများလိုအပ်လျက် ရှိကြောင်း ယင်းစစ်ဘေးရှောင်များထံမှ သိရသည်။

” ယင်းမာပင်-ကနီမြို့နယ်တွေက ပြည်သူတွေလိုအပ်နေတာတော့ စားနပ်ရိက္ခာနဲ့ အဝတ်အထည်၊ ဆေးဝါးတွေပေါ့။ နယ်မြေက စစ်ရေးရှုပ်ထွေးနေတော့ စစ်ရှောင်တွေ ပိုတိုးနေပါတယ်။ အခက်အခဲတွေက ဆောင်းတွင်းရောက်လာတော့ သူတို့အတွက် စောင်တို့၊ ဆောင်းဝတ်အထည်တွေပါ” ဟု ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီးမဟာမိတ်တပ်ပေါင်းစုမှ သတင်းပြန်ကြားရေးနှင့် ထောက်ပို့ တာဝန်ခံ ကိုရိန်းမိုးက ပြောသည်။

ယင်းမာပင်ခရိုင်အတွင်းရှိ ကနီနှင့် ယင်းမာပင်မြို့နယ် အကြား စစ်ကောင်စီနှင့် ပြည်သူကာကွယ်ရေးတပ်များကြား စစ်ရေးတင်းမာလျက်ရှိရာ ထိတွေ့မှုတိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။