ယခု ကရင်နှစ်သစ်သည် တော်လှန်ရေးပန်းတိုင် ရောက်ရှိအောင်မြင်သော နှစ်သစ်ဟု ဧရာ၀တီလူငယ်များသမဂ္ဂ သ၀ဏ်လွှာပေးပို့

Author လင်းခိုင်
Categories
Published on Dec 22, 2022

 

ယခု ကျရောက်သည့် ကရင်နှစ် ၂၇၆၂ နှစ်သည် တော်လှန်ရေးပန်းတိုင် ရောက်ရှိအောင်မြင်သော နှစ်သစ်ဖြစ်ကြောင်း ဧရာ၀တီလူငယ်များသမဂ္ဂက ကရင်နှစ်ကူးအတွက် ပေးပို့သည့် သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

သလေးထိုင်ခုတ်ခို၊ သလေးလားထော်တစ်သော(ပြာသိုလဆန်း -၁ ရက်နေ့) သည် ကရင်အမျိုးသားတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့်အပြင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖြစ်ကြောင်း၊ လွှတ်တော်အတွင်း ကရင်ခေါင်းဆောင်များ တောင်းဆိုတိုက်ပွဲ၀င်ခဲ့ရာမှ ၁၉၃၇ ကရင်နှစ်သစ်ကူးနေ့အဖြစ် တရား၀င်ဖြစ်ပေါ်လာပြီး ၁၉၃၈ ဇန်နဝါရီ ၁ရက် ကရင်နှစ် ၂၆၇၇ ခုနှစ် သလေးလဆန်း ၁ ရက်နေ့မှ စတင်ပြီး အခက်အခဲအမျိုးမျိုးကြားမှ ကရင်နှစ်သစ်ကူးနေ့ကျင်းပခဲ့ရာ ၈၅ ကြိမ်မြောက်ရှိခဲ့ပြီဖြစ်သည်ဟု သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ကရင်ပြည်သူလူထုသည် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် နှစ် ၈၀ နီးပါး စစ်အာဏာရှင် အဆက်ဆက်ကို တော်လှန်တိုက်ပွဲ၀င်ခဲ့ကြောင်း၊ လူမျိုးကြီးဝါဒဖိနှိပ်မှုနှင့် စစ်အာဏာရှင်အောက်မှ လွတ်မြောက်ရေးတို့အတွက် ကရင့်တော်လှန်ရေးခေါင်းဆောင်များ၊ ပြည်သူများသည် အသက်ပေးကာ တော်လှန်တိုက်ပွဲ၀င်ခဲ့သည့်ကို လေးနက်စွာ ဦးညွတ်ကြောင်း သ၀ဏ်လွှာတွင် ဆိုထားသည်။

ယနေ့ နွေဦးတော်လှန်ရေးတွင်လည်း ကရင်ပြည်ရှိ ပြည်သူလူထုများသည် စစ်အာဏာရှင်ကို ပြတ်ပြတ်သားသားဆန့်ကျင်ကာ တော်လှန်ရေးအင်အားစုများကို ကူညီပေးလျက်ရှိပြီး၊ KNU ခေါင်းဆောင်သော ကရင်လူထု၏ တော်လှန်ရေးတွင် ပါ၀င်မှုအားသည် အကြီးမားဆုံး အင်အားစု တခုအဖြစ် ပါ၀င်လျှက်ရှိကြောင်း သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ထို့ကြောင့် ယခုကျရောက်သည့် ကရင်နှစ် ၂၇၆၂ သည်တော်လှန်သောနှစ်သစ်ဖြစ်ပြီး ကရင်တော်လှန်ရေးအဖွဲ့များ ပြည်သူများ၏ ပြီးပြည့်စုံသော ကရင်ပြည် နှင့် ကရင်ပြည်သူများ၏ တော်လှန်ရေးပန်းတိုင်သို့ ရောက်ရှိအောင်မြင်သော နှစ်သစ်ဖြစ်ပါကြောင်း ဧရာ၀တီလူငယ်များသမဂ္ဂက ကရင်နှစ်ကူးအတွက် ပေးပို့သည့် သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ဓာတ်ပုံ- Ayeyarwaddy Karen Youth
ပုံစာညွှန်း- ဧရာဝတီတိုင်း ပန်းတနော်မြို့တွင် ယနေ့ကျင်းပပြုလုပ်သည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကရင်နှစ်သစ်ကူး #ဧရာဝတီလူငယ်များသမဂ္ဂ