ယခုလအတွင်း KNU တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီတပ်သား ၃၀ဦးကျော် သေဆုံးပြီး၊ ၄၀နီးပါး ဒဏ်ရာရ

Author လင်းခိုင်
Categories
Published on Nov 25, 2022

 

နို၀င်ဘာလအတွင်း KNU တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီတပ်သား ၃၃ ဦးသေဆုံးကာ၊ ၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နို၀င်ဘာ ၂၄ ရက်တွင် KNU ထုတ်ပြန်ထားသည်။

နို၀င်ဘာ ၁ ရက်မှ ၂၄ ရက်နေ့အထိ တပ်မဟာ ၆ နယ်မြေတွင် တိုက်ပွဲကြီးငယ်ပေါင်း ၂၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၃ ဦးသေဆုံးကာ ၃၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အတည်ပြုမရသေးသည့် စစ်ကောင်စီ တပ်ဖွဲ့၀င်များ၏ ထိခိုက်သေဆုံးမှုစာရင်းလဲ အများအပြားရှိနေသေးကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၂၇ လုံခြုံရေးယူထားသည့် နယ်မြေများအတွင်း စစ်ကောင်စီတပ်များမှ စစ်ရေးဆောင်ရွက်နေစဲ ဖြစ်သည့်အတွက် တိုက်ပွဲပြင်းထန်လျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မဟာ ၆ နယ်မြေတွင် နို၀င်ဘာ ၂၂ ရက် တစ်ရက်အတွင်း တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးကာ ၂၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံးKNU တပ်မဟာ (၆) နယ်မြေ ဘလက်တိုကျေးရွာအနီးတွင် ၄ ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်နှင့် ကော်ဘရာပူးပေါင်းတပ်များကြား တိုက်ပွဲများအတွင်းမှာ စစ်ကောင်စီဘက်မှ စစ်သား ၁၀ ဦးနီးပါး သေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။

ဘလက်တိုကျေးရွာအနီး ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ရက်မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း ၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း တပ်ခွဲ (၂)၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့တို့အကြား နို၀င်ဘာ ၂၄ ရက်အထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ဓာတ်ပုံ-KNU
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #KNU #နိုဝင်ဘာလ #တိုက်ပွဲသတင်း