မှတ်ပုံတင်ရှိသူတိုင်း မူဆယ်နယ်စပ်ဂိတ်မှတဆင့် တရုတ်တွင် ၇ ရက်နေထိုင်သွားလာခွင့်ကတ်လျှောက်ထားနိုင်

Author လဂွန်းအိမ်
Categories
Published on Sep 05, 2023

အကန့်အသတ်ဖြင့် ထုတ်ပေးခဲ့သော မူဆယ်နယ်စပ်ဂိတ်မှ တရုတ်နိုင်ငံအတွင်းသို့ ၇ ရက် နေထိုင်သွားလာခွင့်ကတ်များကို စက်တင်ဘာလ ၅ ရက်နေ့မှစတင်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသည့် မည်သူမဆို လျှောက်ထားရယူသွားလာနိုင်ကြောင်း စစ်ကောင်စီပိုင် သတင်းစာများမှတဆင့် ထုတ်ပြန်သည်။

မူဆယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်များမှတဆင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်ကဒ်ပြား(TBP) တစ်ခါသုံးကတ်ဖြင့် ၇ ရက်နေထိုင်သွားလာခွင့်ကတ်များကို ယခင်က မူဆယ်နှင့် နမ့်ခမ်းမြို့များမှ အိမ်ထောင်စုဇယားရှိသူများကိုသာ ထုတ်ပေးခဲ့ရာမှ ယခုအခါ နိုင်ငံသားစိစစ်ရေးကတ်ရှိသူတိုင်းကို လျှောက်ထားရယူခွင့်ပြုခြင်းဖြစ်သည်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ နှစ်နိုင်ငံ လူအဝင်အထွက်ဂိတ်ဖြစ်သည့် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့မှ နိုင်ငံသားစိစစ်ရေးကတ်ရှိသည့် မည်သူမဆိုနိုင်ငံသားစိစစ်ရေးကတ်မှန်ကန်ပါက ၇ ရက်နေထိုင်သွားလာခွင့် တစ်ခါသုံးကတ်များထုတ်ယူ၍ သွားလာနိုင်ပြီး ထိုကတ်တစ်ကတ်လျှင် ကျပ် ၁၀၀၀ ဖြင့် လုပ်ဆောင်နိုင်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

မန့်ဝိန်းဂိတ်တွင်မူ ကုန်တင်ယာဉ်မောင်းတစ်ဦးကိုသာ တစ်ခါသုံးကတ်များပြုလုပ်ပေးကြောင်း ဖြတ်သန်းသွားလာသူအချို့ထံမှ သိရသည်။

နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့တွင် မြန်မာဘက်မှ ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှစတင်ကာ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့များမှ အိမ်ထောင်စုဇယားရှိသူများကိုသာ နှစ်နိုင်ငံဝင်ထွက်ခွင့်စာအုပ်(BP) ပြုလုပ်ပေးခဲ့သော်လည်း တရုတ်နိုင်ငံဘက်မှ ဇန်နဝါရီလ ၈ ရက်နေ့ကတည်းက ဝင်ထွက်သွားလာခွင်ပြုခဲ့သည်။

မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များကို ၂၀၂၁ ခုနှစ် ဧပြီလဆန်းပိုင်းမှစတင်၍ COVID-19 အကြောင်းပြချက်ဖြင့် ၃ နှစ်နီးပါကြာပိတ်ထားခဲ့ရာမှ ယခုနှစ် ဇန်နဝါရီလမှစတင်၍ အကန့်အသတ်များဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့သည်။