မှတ်ပုံတင်ထားခြင်းမရှိသည့် Sim Cardများကို ပိတ်သိမ်းမယ်ဟု စစ်ကောင်စီထုတ်ပြန်
ပြည်တွင်း၌ အသုံးပြုနေသည့် ဖုန်းSim Cardများကို မှတ်ပုံတင်ထားကြရန်နှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် Sim Cardများကို ပိတ်သိမ်းသွားမယ်ဟု စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယမန်နေ့ စက်တင်ဘာ ၁၉ရက်နေ့မှာ ထုတ်ပြန်ထားသည်။
ဖုန်းsim cardအသုံးပြူသူများအနေဖြင့် မိမိတို့၏အချက်အလက်များကို မှန်ကန်စွာဖြည့်တင်းထားမှုမရှိတာကြောင့် အမည်နှင့် မှတ်ပုံတင်နံပါတ်တို့ကို တိကျစွာပြန်လည်ဖြည့်သွင်းဖို့နှင့် ဖြည့်သွင်းထားသည့် အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှာရှိသည့် အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးသွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင့် ထိုသို့စစ်ဆေးရာမှာလည်း အချက်အလက်မှန်ကန်မှုမရှိသည့် sim cardများကို ပိတ်သိမ်းသွားမှာဖြစ်ပြီးSim Cardအတွင်းရှိ ငွေလက်ကျန်များကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဆက်သွယ်ရေးအော်ပရေတာများနှင့် SIM Cardရောင်းချသူများအနေဖြင့်လည်း SIM Cardရောင်းချရာတွင် လည်းကောင်း၊ အချက်အလက်များ မှန်ကန်စွာ ပြန်လည်ပြင်ဆင် မှတ်ပုံတင်ရာတွင်လည်းကောင်း ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူမှာဖြစ်တယ်လို့လည်း စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ဆိုသည်။
ထို့ကြောင့် SIM Cardများ ဝယ်ယူအသုံးပြုရာတွင် အချက်အလက်များ မှန်ကန်စွာဖြည့်စွက်ပြီး မှတ်ပုံတင်ဝယ်ယူသုံးစွဲကြရန်နှင့် လက်ရှိအသုံးပြုလျက်ရှိသော SIM Cardများကို အချက်အလက် မှန်ကန်စွာ မှတ်ပုံတင်ထားခြင်း မရှိပါက SIM Cardများ ပိတ်သိမ်းခံရမှုမရှိခင် အချိန်မီ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ရန် စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။