မှတ်ပုံတင်တွေကို Smart Card ပြောင်းဖို့ စစ်ကောင်စီက ဘယ်လောက်တောင် ဖိအားပေးနေလဲ

Author လင်းနွေဦး၊ အဂ္ဂ၊ YZ
Categories
Published on Mar 03, 2024

တရားမဝင် တစ်မျိုး၊ တရားဝင် တစ်သွယ် နိုင်ငံကို ယာယီစွန့်ခွာဖို့ ကြိုးစားနေကြတဲ့ လူငယ်လူရွယ်တွေကို စစ်ကောင်စီက တစ်ရစ်ချင်း ကြပ်လို့နေပါတယ်။ နယ်စပ်တွေကတစ်ဆင့် တရားမဝင်လမ်းကြောင်းတွေကနေ တရုတ်နဲ့ ထိုင်းနိုင်ငံတွေဆီကို ထွက်ခွာနေကြတဲ့သူတွေရဲ့ ဒုက္ခကလည်းကြီးသလို Passport နဲ့ ပြည်ပကို တရားဝင်ထွက်ခွာဖို့ လုပ်နေတဲ့ လူငယ်တွေရဲ့ ဒုက္ခကလည်း မသေးပါဘူး။ Passport  လုပ်ဆောင်လိုပါက နိုင်ငံသား မှတ်ပုံတင်တွေကို Smart Card  အဖြစ် လျှောက်ထားပြောင်းလဲပြီးမှသာ စစ်ကောင်စီက လက်ခံနေပါတယ် စစ်ကောင်စီက မှတ်ပုံတင်တွေကို Smart Card  ပြောင်းလဲဖို့ ဘယ်လောက်တောင် ဖိအားပေးနေပါသလဲ ဒီတစ်ပတ် CJ Platform ရဲ့ ”ဒုက္ခအတိတွေ့နေသူများရဲ့ တီးတိုးသံ” ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။

****************************************

 

“အခက်အခဲဖြစ်နေချိန် ကြားပေါက်ရှာတာပေါ့လေ။”

 

မန္တလေးမြို့ခံ လူငယ်တစ်ဦးရဲ့ တီးတိုးသံ

 

Smart card လုပ်ရတော့ အလုပ်ရှုပ်တာပေါ့။ အခုက Passport ရဖို့ခက်ခဲနေတဲ့အချိန် Smart Card ဆိုတာပေါ်လာတော့ ပိုပြီးခက်ခဲသွားတာပေါ့။ ပိုက်ဆံလည်း ပိုကုန်တာပေါ့လေ။ (စမတ်ကတ်က) သုံးသောင်းပေးရင် မစောင့်ရဘူးဆိုတော့ သူတို့ကြားပေါက်ရှာတာလို့ပဲ ထင်တယ်။ အခက်အခဲဖြစ်နေချိန် ကြားပေါက်ရှာတာပေါ့လေ။

****************************************

 

“လော်နဲ့ ရပ်ကွက်တွေထဲ လိုက်အော်နေတာ သုံးလေးရက်ရှိပြီ။”

 

အသက် ၂၇ နှစ်အရွယ် သာကေတမြို့ခံ အမျိုးသမီးတစ်ဦးရဲ့ တီးတိုးသံ

 

ခုကလေ သူတို့ တစ်မျိုးပြီးတစ်မျိုး ပြောင်းနေတာ။ ဒါပေမဲ့ ကျွန်မကတော့ ဒါက သူတို့ စနစ်တကျ စီစဉ်ထားတာလို့ မြင်တယ်။ ပြည်သူကို စိတ်ဒုက္ခပေးဖို့ဆို မဟုတ်တဲ့အကြံဉာဏ် အကုန်ထွက်တဲ့ စစ်တပ်လို့ပဲ ပြောချင်တော့တယ်။ ခုပဲကြည့် အရင်က အေးဆေးလုပ်လို့ရနေတဲ့ Passport ကို မှတ်ပုံတင် Smart ကတ်လုပ်ပြီးမှ လုပ်ခွင့်ပေးမယ်တဲ့လေ။ လော်နဲ့ ရပ်ကွက်တွေထဲ လိုက်အော်နေတာ သုံးလေးရက်ရှိပြီ။ မဖြစ်မနေလုပ်ရမယ့် သူတွေလည်း သွားလုပ်နေကြပြီ။ တို့ ကလုပ်ထားတာ သက်တမ်းမကုန်သေးတော့ ခံသာတာပေါ့။ အသစ်လုပ်ရမယ့်သူတွေ၊ သက်တမ်းကုန်တဲ့သူတွေဆို တိုင်ပတ်ရောလေ။ ချည်ပြီး တုတ်ပြီး ရိုက်ချတာပဲ။

****************************************

 

“စမတ်ကဒ်မရှိရင် Passport ပေးမလုပ်ဘူးပြောတယ်”

 

မန္တလေးမြို့ခံတစ်ဦးရဲ့ တီးတိုးသံ

 

ရပ်ကွက်ထဲ တုတ်တုတ်နဲ့ လိုက်အော်တယ် မှတ်ပုံတင်ကို စမတ်ကဒ်လုပ်ဖို့ အုပ်ချုပ်ရေးမှူးရုံးမှာ စာရင်းသွင်းဖို့ စမတ်ကဒ်မရှိရင် Passport ပေးမလုပ်ဘူးပြောတယ် ဘယ်သူ့မှလည်းသွားမလုပ်တော့ဘူး အောက်လမ်းကထွက်ကြတယ် နီးစပ်ရာ PDF ဆီ ဆက်သွယ်နေကြတယ်။