မွန်ပြည်နယ်တွင် PDF များအား တိုက်ထုတ်ရန်ဆိုကာ အထူးရဲတပ်ဖွဲ့ ဖွဲ့စည်းရန် စာရင်းကောက်ယူမှုအပေါ် စာရင်းပေးသူမရှိဘဲ ရှောင်တိမ်းနေ

Author အောင်နိူင်သူ
Categories
Published on Oct 13, 2022

မွန်ပြည်နယ်တွင် PDF များကို ပြန်လည်တိုက်ထုတ်ရန်ဆိုကာ အထူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းရန်အတွက် ရဲတပ်ဖွဲ့ဝင်စာရင်းကောက်ယူရာ စာရင်းပေးမည့်သူမရှိ၍ အခက်အခဲဖြစ်နေသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့နှင့် နီးစပ်သူတွေဆီက သိရသည်။

စစ်ကောင်စီတပ် ရဲတပ်ဖွဲ့ ဌာနဆိုင်ရာဝန်ထမ်းများ ပြည်သူ့စစ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်အချို့ ရှင်းလင်းခံရပြီးနောက် ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့က အစည်းအဝေးပြုလုပ်ကာ စာရင်းတောင်းယူရာတွင် စာရင်းပေးမည့်သူမရှိ၍ ပြန်လည်တင်ပြရန် အခက်တွေ့နေသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက CJ Platform ကို ပြောသည်။

“ရဲမှူးကြီးက ပြောတယ် ကိုယ့်တိုင်းပြည်ကို ကိုယ်ကာကွယ်ရမယ် ဒီလိုလူပါးဝနေတာ လက်ခံလို့မခံရဘူး ငါတို့ပူးပေါင်းပြီး တိုက်ထုတ်ရမယ်၊ ကိုယ့်ပြည်နယ်ကို ကျူးကျော်ရန်စတာကို ကြည့်နေလို့မရဘူး ဆိုပြီးပြောတာ၊ သူက ဘယ်ရုပ်ရှင်ကားကြည့်ပြီး ပြန်ပြောလဲတော့ မသိဘူး တကယ်တိုက်ရင် သူပါတာမှ မဟုတ်တာ သူကပြောအားရှိမှာပေါ့ “ဟု ပြောသည်။

စာရင်းကောက်ယူရာတွင် ရဲတပ်သားအချို့မှာ ပုန်းနေခြင်း နေမကောင်းချင်ဟန်ဆောင်ခြင်း ခွင့်တင်ခြင်း အပြစ်လုပ်ကာ အချုပ်ထဲဝင်နေခြင်းကြောင့် စာရင်းကောက်ယူ၍မရကြောင်း အမည်မဖော်လိုသူရဲဝန်ထမ်း တစ်ဦးက CJ Platformကို ပြောသည်။

“ရဲတွေက စာရင်းမပေးတော့ ရဲမှူးကြီးကိုယ်တိုင်လာပြီး ညီလေး ဒီလိုရှိတယ်ကွဆိုပြီး အစချီလိုက်တာနဲ့ ရဲတွေကထွက်ပြေးကြရော”လို့ ပြောသည်။

ရဲတပ်သားများမှာ လက်ရှိမြေပြင်အခြေအနေကြောင့် PDF များကြောက်ရွံကာ အချို့မှာ ရဲပြေးဘဝဖြင့် ထွက်ပြေးနေသည်ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

“ရဲတွေကြောက်မယ်ဆိုလည်း ကြောက်စရာပဲ စစ်တပ်ကရောက်လာပြီး ရေးမှာ ပြည်သူ့စစ်ဖွဲ့ပေးတယ် ဆယ်ဦးပထမအကြိမ်ပစ်ခံရတယ် ပြည်သူ့စစ်ငါးဦးသေတယ်၊ ဒုတိယအကြိမ်အပစ်ခံရတယ် လေးဦးသေတယ် ကျန်တဲ့တစ်ယောက် ဘုန်းကြီးဝတ်သွားတယ် ဘုန်းကြီးဘဝနဲ့တောင် ဒီမှာမနေဘူး ရန်ကုန်မှာသွားနေတာ”ဟု ပြောသည်။

မွန်ပြည်နယ်တွင် မြို့နယ် ၁၀မြို့နယ်ရှိပြီး တော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ် ရဲတပ်ဖွဲ့ ဌာနဆိုင်ရာဝန်ထမ်းများ ပြည်သူ့စစ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးပိုင်းက လူများ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် PDF များအားကြောက်ရွံကာ ပြန်လည်တိုက်ခိုက် စာရင်းမပေးတာဖြစ်သည်ဟု ဝန်ထမ်းအချို့က သုံးသပ်ကြသည်။