မြောင်းမြ-ပြင်ရွာ ကျေးရွာချင်းဆက်လမ်း ခင်းရာတွင် ဒေသခံများအားလုံခြုံရေးစောင့်ခိုင်းနေပြီး မစောင့်သူများ တစ်အိမ်ထောင် ကျပ် ၅၀၀၀ ပေးရမည်ဟု အုပ်ကြီးမှ ခြိမ်းခြောက်

Author လင်းခိုင်
Categories
Published on Dec 29, 2022

ဧရာ၀တီတိုင်း၊ မြောင်းမြမြို့၊ မြောင်းမြ-ပြင်ရွာ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ရာတွင် ညလုံခြုံရေး စောင့်ပေးရန်၊ မစောင့်ပါက တစ်အိမ်ထောင်လျှင် ကျပ် ၅၀၀၀ ပေးရမည်ဟု ငှက်ပျောတောရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးသန်း၀င်းက ရွာသားများကို ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြောင်းမြ-ပြင်ရွာ ကျေးရွာချင်းဆက်လမ်း(စစ်ကုန်းရွာနှင့် ငှက်ပျောတောရွာ လမ်းပိုင်း) အား ဒီဇင်ဘာ လဆန်းပိုင်းမှ စတင်ပြီး စစ်ကောင်စီမှ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ် သည်။

“အဲ့ဒီလမ်းပိုင်း ဖောက်တာကို ငှက်ပျောတောရွာ အုပ်ကြီးက ဒီဇင်ဘာ ၂၈ရက်က တစ်အိမ်တစ်ယောက် အစည်းအဝေးတက်ဖို့ဖိတ်တယ်။ အစည်းအဝေးမှာ ရွာလမ်းဖောက်လုပ်နေတဲ့ လမ်းပေါ်မှာ ညလုံခြုံရေးစောင့်ပေးရမယ်တဲ့။ မစောင့်ဘူးဆိုရင် တစ်အိမ်ထောင် ကျပ် ငါးထောင်နှုန်း ဒဏ်ကြေးပေးရမယ်ဆိုပြီး အာဏာရှင်ဆန်ဆန်ပြောတယ်” ဟု ဒေသခံတစ်ဦးက CJ Platform သို့ပြောသည်။

လက်ရှိတွင်လည်း ငှက်ပျောတောရွာ အုပ်ချုပ်ရေးမှူး ဦးသန်း၀င်းမှ အထက်အမိန့်အရဟုဆိုကာ ရွာသားများကို အတင်းအကျပ် စေခိုင်းမှုများ ဆက်လက်ပြုလုပ်နေကြောင်းလည်း ဒေသခံများထံ မှ သိရသည်။

“မြောင်းမြနဲ့ ပြင်ရွာကို အဓိက ဆက်သွယ်တဲ့လမ်းပိုင်းပါ၊ အဲဒီလမ်းပိုင်းမှာ ပါနေတဲ့ ကျွန်တော်တို့ ငှက်ပျောတောရွာသားတွေကို အတင်းအဓ္ဓမ လုပ်အားပေးခိုင်းနေတာကြီးက အဓိပ္ပာယ်မရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

မြောင်းမြ-ပြင်ရွာ လမ်းအား NLD အစိုးရ လက်ထက် ၂၀၁၉ -၂၀၂၂ ဘဏ္ဍာနှစ်တွင် ၅မိုင်ခန့် ခင်းထားခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိ စစ်ကောင်စီလက်ထက်တွင် ၁ မိုင် ၁ဖာလုံ ထက်မံခင်းနေခြင်းဖြစ်သည်။
ဓာတ်ပုံ- ပေးပို့
ပုံစာ-၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လမ်းခင်းလုပ်ငန်းဆောင်ရွက်နေသည့် မြောင်းမြ-ပြင်ရွာလမ်းပိုင်း
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဧရာဝတီတိုင်း #မြောင်းမြ #ပြင်ရွာ