မြောင်းမြမြို့အတွင်း PDFစစ်ကြောင်း ဝင်လာသည်ဟုဆိုကာ စစ်ကောင်စီမှာ သိလ္လာတိုက်နယ်အတွင်း နယ်မြေရှင်းလင်း၊ မြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် ဆေးရုံတွင် တပ်စွဲ

Author စကားဝါ
Categories
Published on Nov 24, 2023

ဧရာဝတီတိုင်း မြောင်းမြမြို့နယ် သိလ္လာတိုက်နယ်အတွင်းရှိ တောတွင်းသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်ကြောင်း ဝင်လာသည်ဟုဆိုကာ စစ်ကောင်စီမှ ယနေ့ နိုဝင်ဘာလ ၂၄ရက်နေ့မှ စတင်ကာ တောတွင်း နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်နေပြီး မြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် ဆေးရုံတွင် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

 

မြို့တွင်းရှိ စာသင်ကျောင်းများတွင် အသက်အရွယ် အိုမင်းနေသည့် စစ်ကောင်စီဝတ်စုံဝတ် လက်နက်ကိုင်ဆောင်ထားသူများကို လုံခြုံရေးချထားကာ မြောင်းမြခရိုင် ပြည်သူ့ဆေးရုံကြီးတွင် တပ်စွဲထားကြောင်း သိရသည်။

 

“မနေ့က ကျောင်းပို့တော့ စစ်သားတွေတွေ့လို့ ကလေးကျူရှင်တက်နေတဲ့ ဆရာကို ဘာဖြစ်တာလဲမေးလိုက်တာ၊ စစ်တပ်က တပ်စွဲတာလို့ ပြောတယ်၊ နင်တို့ ကလေးတွေလည်း ကျောင်းကိုလာချင်လာ မလာချင်လဲ ရတယ်လို့ ပြောတယ်၊ သူတို့ကိုယ်တိုင်က ဘာဖြစ်ချင်မှန်း မသိတော့ ကျောင်းပို့သင့် မပို့သင့် စဉ်းစားနေပြီ”ဟု မြောင်းမြမြို့ အထက(၁)ရှိ ကျောင်းသားမိသားတစ်ဦးက ပြောသည်။

 

ယနေ့ နံနက်ပိုင်းမှ စတင်ကာ အင်အားတစ်ရာခန့်ပါဝင်သည့် စစ်ကောင်စီ စစ်ကြောင်းသည် သိလ္လာတိုက်နယ်အတွင်းရှိ တောနက်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး မြို့ပေါ်တွင် ရဟတ်ယာဉ်များ ၊ တိုက်လေယာဉ်များပါ ပျံဝဲနေကြောင်း သိရသည်။

 

“မနက်ထဲက လေယာဉ်တွေ မြို့ပေါ်မှာ ပျံနေတာ၊ သိလ္လာဘက်မှာ စစ်ကြောင်းထိုးနေတယ်၊ ညပိုင်းလည်း ကင်းပုန်းတွေချတယ် ၇နာရီလောက်ဆို ဘယ်သူမှ အပြင်မထွက်ရဲတော့ဘူး သူတို့ဒုက္ခပေးမှာ ကြောက်လို့”ဟု ဒေသခံတစ်ဦးက ပြောသည်။

 

နိုင်ငံအနှံ စစ်ရေးအရ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ၎င်းတို့ လက်ရှိစိုးမိုးထားနိုင်သည့် နယ်မြေများအား ထပ်မံလက်လွှတ်ရမည် စိုးသဖြင့် လုံခြုံရေးများ အထူးတင်းကြပ်နေလျှက် ရှိနေသည်။