မြောင်မြို့တွင် စစ်ကောင်စီတပ်သားများမိုင်းဆွဲခံရ သုံးဦးထိခိုက်

Author မင်းထက်
Categories
Published on Nov 30, 2023

စစ်ကိုင်းတိုင်း ၊ မြောင်မြို့ရှိ မြို့မရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ တပ်သားများ မြို့ထဲသို့ထွက်လာချိန် အသင့်ပြင်ဆင်ထားသော မိုင်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့တပ်မတော်(မြောင်) မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့​ပြောသည်။

 

နိုဝင်ဘာလ ၂၉ ရက် နေ့လယ် ၂နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီလက်အောက်ခံ မြောင်မြို့မ စခန်းထဲရှိ  တပ်သား ငါးဦးသည် ဆိုင်ကယ်သုံးစီးဖြင့် မြို့ထဲထွက်လာချိန် ၄င်းတို့ခေတ္တရပ်နားရာ နေရာသည်  ပြည်သူ့တပ်မတော်မှ မိုင်းများ ပြင်ဆင်ထားသည့် နေရာသို့ ရောက်ရှိနေသဖြင့် မိုင်းပွိုင့် နှစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

” သူတို့က သူတို့မသင်္ကာတဲ့သူတွေ ဖမ်းဆီးစစ်ဆေးတာတွေလုပ်ဖို့ ကင်းပတ်တဲ့သဘောပါ။ တိုက်ခိုက်ခဲ့မှုကြောင့် သုံးကောင် ဒဏ်ရာရပြီး နှစ်ကောင် လွတ်သွားခဲ့တယ်” ဟု ပြည်သူ့တပ်မတော်(မြောင်) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို စခန်းအတွင်းရှိ တပ်သားများက လာရောက်တင်ခေါ်သွားကြောင်း ၊ ၎င်းမိုင်းထောင် ဖောက်ခွဲရေးတွင် ပြည်သူ့တပ်မတော်(မြောင်) ၊ စစ်ကိုင်းခရိုင်တပ်ရင်း(၂ )၊တပ်ခွဲ(၃) တပ်စိတ် ၊ BLACK BROTHERS အဖွဲ့ ၊ HERO အဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။