မြောင်ဒေသရှိ ကျေးရွာများကို စစ်ကောင်စီမှ စစ်ကြောင်းနှစ်ခုဖြင့် ဝင်ရောက်နေ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ

Author မင်းထက်
Categories
Published on Dec 24, 2023

စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ခုဖြင့်  စစ်ကြောင်းထိုး ၀င်ရောက်လာမှုကြောင့် ကျေးရွာ ၈ ရွာမှ အရပ်သားပြည်သူ တစ်သောင်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

“စစ်ကြောင်းက တစ်ပြိုင်တည်း၀င်လာတာဗျ ။ မနက်ခင်းပိုင်း(ဒီဇင်ဘာ ၂၃ရက်) မှာ ၀င်ရောက် ခဲ့တာ ဗျ။ ရေစကြိုဘက်မှ စကစသင်္ဘော၂ စင်း က မြစ်ကမ်းဘေးရှိ ကျေးရွာတွေကို ဝင်ရောက်ပြီး ကျောက်ရစ်အထိုင်စခန်းက စကစများ စစ်ကြောင်းထိုးနေမှုကြောင့် နနွင်းကိုင်း ၊ဆူးလေကုန်း၊ ရွှေတချောင်းကျေးရွာတွေ စစ်ဘေးရှောင်နေကြရပါတယ်” ဟု Youths for Community- YfC Myaung မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

ယမန်နေ့  ဒီဇင်ဘာလ ၂၃ ရက် နံနက် ၅ နာရီခွဲ ခန့်က ခန့်မှန်းအင်အား ၃၅ ဦးကျော်ရှိသော မြောင်မြို့နယ်အခြေစိုက် ကျောက်ရစ်စခန်းမှ စစ်ကြောင်းသည် ကျောက်တန်းကျေးရွာနှင့် ရွှေတစ်ချောင်းကျေးရွာသို့ စတင်ဝင်ရောက်ခဲ့ကြောင်း ၊ ထို့နောက်  ခေတ္တအကြာတွင် ရေစကြိုမှလာသော စစ်ကောင်စီတပ်သားများသည် စက်လှေများဖြင့် ရောက်ရှိလာကာ နနွင်းကိုင်းကျေးရွာဘက်သို့ စတင်စစ်ကြောင်းထိုး ၀င်ရောက်ခဲ့ကြောင်း ယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက ဆိုသည်။

” ရေစကြိုဘက်ကနေ စက်လှေတွေနဲ့ ရောက်လာတာက ကျောက်ရစ်က စခ တွေအတွက် ရိက္ခာ လာပို့တယ်လို့ ယူဆရပါတယ်။ စစ်ကြောင်းနှစ်ကြောင်း ကျေးရွာသုံးရွာကိုဝင်တော့  ကျေးရွာသုံးရွာအပါအဝင် နီးစပ်ကျေးရွာ များလည်း ရှောင်ရတာဆိုတော့ စုစုပေါင်း ၈ ရွာကပြည်သူ ၁၅၀၀၀လောက်ရှိမယ်” ဟု မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယနေ့ ဒီဇင်ဘာလ ၂၄ အချိန်ထိ စစ်ကြောင်းနှစ်ကြောင်းမှာ ကျေးရွာများထဲတွင် စခန်းချထားခြင်းကြောင့် စစ်ရှောင်ပြည်သူများ  နေရပ်မပြန်နိုင်သေးကြောင်း ၊ ဘေးလွတ်ရာကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း စာသင်ကျောင်းများတွင် နေရာချထားပေးထားခြင်း ၊ ပြည်သူများအတွက် စားသောက်ရေးကို မြိုင်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့ငွေဖြင့် ကျေးရွာလူမှုရေးအဖွဲ့များနှင့် ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ စီစဥ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

ဓာတ်ပုံ – Youths for Community-YfC Myaung