မြောက်ဦးရှေးဟောင်းဒေသ တိုက်ခိုက်ခံရမှုအပေါ် လုပ်သင့်လုပ်ထိုက်သည်များ ပြန်လည်လုပ်ဆောင်မည်ဟု AA ဆို

Author အဂ္ဂ
Categories
Published on Dec 26, 2023

စစ်ကောင်စီ လက်ချက်ကြောင့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်ရှိ ရှေးဟောင်းဒေသအတွင်း ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရခြင်းကို လုပ်သင့်လုပ်ထိုက်သည်များ ပြန်လည်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

 

အဖက်ဖက်တွင် အထိနာနေသည့် စစ်ကောင်စီသည် ရက္ခိုင်ပြည်အတွင်းရှိ သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်များကို လေကြောင်း၊ လက်နက်ကြီး၊ အတွဲလိုက်ဒုံး၊ လက်နက်ငယ်စသည့် နည်းလမ်းမျိုးစုံဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့သည့်အတွက် AA အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို ထိထိရောက်ရောက် တုံ့ပြန်လုပ်ဆောင်သွားမည်ဟု ယမန်နေ့(ဒီဇင်ဘာ ၂၅ ရက်)နေ့စွဲဖြင့် AA က ထုတ်ပြန်သည်။

 

စစ်ကောင်စီနှင့် AA တို့ကြား တစ်နှစ်နီးပါးအပစ်ရပ်ထားရာမှ နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်၍ ပြန်လည်ဖြစ်ပွားခဲ့သည့် တကျော့ပြန် စစ်ပွဲအတွင်း AA တပ်များက ထရွန်အိုင်နှင့် နှုံးဘူးကဲ့သို့ အရေးပါသည့် ဗျူဟာကုန်းကြီးများအပါအဝင် စစ်ကောင်စီစခန်းကြီး/ငယ်(၁၄၀)ကျော် လက်လွှတ်လိုက်ရသည်အထိ အထိနာနေသည့် စစ်ကောင်စီသည် စစ်ရေးပစ်မှတ်များမဟုတ်သည့် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်း၊ ရေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများသာမက ဘုးရားကျောင်းကန်၊ စေတီပုထိုး၊ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်များကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်ဟု ဖော်ပြထားသည်။

 

ဒီဇင်ဘာ ၂၅ ရက်နေ့က စစ်ကောင်စီ၏ အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)လက်အောက်ခံ တပ်ရင်းများဖြစ်သည့် မြောက်ဦးမြို့အခြေစိုက် ခြေမြန်တပ်ရင်း(ခမရ)၅၄၀၊ ၃၇၈၊ ၃၇၇ တပ်ရင်းများနှင့် အမှတ်(၃၁) ရဲတပ်ရင်းတို့မှ မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသနပြတိုက်၊ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနိကအဆောက်အအုံတို့ကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု AA က ဆိုထားသည်။

 

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်အတွင်းမှ ရက္ခိုင့်အမွေအနှစ်များအဖြစ် သတ်မှတ်ထားရုံမက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းတင်သွင်းထားသည့် တန်ဖိုးဖြတ်၍မရသော ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် ဘုန်းတော်ကြီးကျောင်း သုံးကျောင်းပါ လက်နက်ကြီးထိမှန် ပျက်စီးခဲ့ရသည်ဟု ဖော်ပြထားသည်။

 

စစ်ကောင်စီတပ်သည် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းဟူသော စစ်ရာဇဝတ်မှုများကို ကျူးလွန်ထားခဲ့ပြီးဖြစ်ပြီး ယခုလက်ရှိတွင် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသသည် ကမ္ဘာ့ယဉ်ကျေး မှုအမွေအနှစ်အဖြစ် စာရင်းဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည်ကို သိပါလျက်နှင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခြင်းသည် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုအမွေအနှစ်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းဟူသော စစ်ရာဇဝတ်မှုကို ထပ်မံကျူးလွန်ခြင်းဖြစ်သည့်အတွက် ထိုကျူးလွန်မှုများကို မေ့ပျောက်ထားမည်မဟုတ်ဟု ဆက်လက်ရေးသားထားသည်။

 

၁၀၂၇ စစ်ဆင်ရေးစတင်ကတည်းက နိုင်ငံတဝှမ်းတွင် မြို့ကြီးများအပါအဝင် မြို့ပေါင်း(၂၀)ကျော်၊ စခန်းပေါင်း (၃၀ဝ)ခန့်လက်လွှတ်ထားရသည်အထိ အထိနာနေသည့် စစ်ကောင်စီသည် စစ်ရေးပစ်မှတ်များမဟုတ်သည့် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ကျေးရွာများ၊ သာသနိကအဆောက်အုံများ၊ ဘုရားစေတီပုထိုးများသာမက ယခုဆိုလျှင် ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် စာရင်းဝင်နိုင်ရန်ကြိုးပမ်းနေသည့် ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှုဒေသကိုပါ ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်နေပြီဖြစ်သည်။

 

စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို ပြုလုပ်ရန် ပြင်ဆင်ထားသည့် အကွာအဝေးပြ ဆိုင်းဘုတ်များကို  ညီနောင်သုံးဖွဲ့သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်စခန်း အချို့တွင် တွေ့ရသည်ဟု ညီနောင်သုံးဖွဲ့က ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

 

ပုံစာညွှန်း – စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပျက်စီးသွားသော မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်အား မြင်ရပုံ