မြောက်ဦးတိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် တစ်ရက်တည်း အရပ်သားလေးဦးထပ်သေ ⬛စုစုပေါင်း အရပ်သားသေဆုံးမှု ဆယ်ဦးကျော်အထိရှိလာ

Author ခေတ်နီ
Categories
Published on Dec 27, 2023

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းဖြစ်ပွားနေသည့် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်မှုများကြောင့် ယမန်နေ့ ဒီဇင်ဘာ ၂၆ တစ်ရက်တည်း အရပ်သားလေးဦးထပ်မံသေဆုံးခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်မှစတင်ခဲ့သည့် မြောက်ဦးမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းပစ်ခတ်မှုအပြင် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် စုစုပေါင်းအရပ်သား သေဆုံးသူ ၁၀ ဦးထက်မနည်းရှိလာပြီဖြစ်ကြောင်း သိရသည်။

 

ထိုပစ်ခတ်မှုများကြောင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ဘုရားပေါ်ကဘုန်းကြီးကျောင်းဝင်းအတွင်း စစ်ဘေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်များသည်လည်းကျည်ထိမှန်သေဆုံးခဲ့မှုများလည်းရှိခဲ့သည်ဟု သိရသည်။

ရက္ခိုင့်တပ်တော် AA ၏ ထုတ်ပြန်ချက်များအရ ဒီဇင်ဘာ ၂၄ မှ ၂၆ အထိ ထိုသုံးရက်အတွင်း ကလေးငယ်သုံးဦးအပါအဝင် အရပ်သား ၁၄  ဦးအထိသေဆုံးခဲ့ရကြောင်း သိရသည်။

 

“ကျွန်‌တော်တို့လည်း အတိအကျတော့မသိရသေးဘူး။ မနေ့ကဆိုရင် ဘုရားပေါ်ဘုန်းကြီးကျောင်းကိုကျလို့ ကလေးရော၊ လူကြီးရောသေတာရှိတယ်။ လေကြောင်းတိုက်ခိုက်တာက မနေ့က လေးနာရီလောက်က ဂျက်ဖိုက်တာနဲ့ လာပစ်တာရှိတယ်။ သူတို့အုပ်ချုပ်ရေးမှူးရုံးတွေပါ ထိတာ။ ထိနေတာအများဆုံးကတော့ ဘုရားပေါ်နဲ့ ဆင်ချဆပ်ရပ်ကွက်တွေပဲ။ အတော်များများကတော့ရှောင်နေကြပြီ” ဟု မြောက်ဦးဒေသခံတစ်ဦးက CJ Platform သို့ ပြောသည်။

 

ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်အရ မြောက်ဦးခရိုင်ရဲစခန်းကိုလည်း ယမန်နေ့ ဒီဇင်ဘာ ၂၆ ရက် ညပိုင်းတွင် သိမ်းယူနိုင်ခဲ့ပြီး ပလက်ဝမြို့နယ်ရှိ ခဝဲဗျူဟာကုန်းကို ဆက်လက်တိုက်ခိုက်နေကြောင်း သိရသည်။

 

မြောက်ဦးတိုက်ပွဲများအတွင်း မြောက်ဦးရှေးဟောင်းယဥ်ကျေးမှုပြတိုက်ကို စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်မှုကြောင့် ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းတင်သွင်းရန် လျာထားသည့် ရှေးဟောင်းပစ္စည်းများအပါအဝင် ဘုန်းကြီးကျောင်း သုံးကျောင်းထိခိုက်ပျက်စီးခဲ့ရကြောင်း AA က ထုတ်ပြန်ထားသည်။

 

လက်ရှိ မြောက်ဦးမြို့ပေါ်တွင် တိုက်ပွဲများငြိမ်သက်နေသည်ဟု ဒေသခံများက ဆိုကြသည်။