မြောက်ဥက္ကာလာပတွင် ဧည့်စာရင်းဖြင့် နေထိုင်သူများအား မိသားစုဓာတ်ပုံရိုက်၍ ရပ်ကွက်ရုံးသို့ ပို့ဆောင်ရန် ဖိအားပေးနေ

Author ကိုပေါက်
Categories
Published on Jan 23, 2023

 

မြောက်ဥက္ကာလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်တွင် ဧည့်စာရင်းဖြင့် နေထိုင်သူများအား မိသားစုအလိုက် ဓာတ်ပုံရိုက်၍ ရပ်ကွက်ရုံးသို့ ပို့ဆောင်ပေးရန် ဖိအားပေး ညွှန်ကြားထားသည်ဟု မြို့ခံတွေဆီက သိရသည်။

လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်း ကိစ္စနှင့် သက်ဆိုင်ခြင်းမရှိပဲ ဧည့်စာရင်းဖြင့် နေထိုင်သူများကို မိသားစုအလိုက် ဓာတ်ပုံရိုက်၍ မိမိနေထိုင်ရာ ရပ်ကွက်ရုံးသို့ ပို့ဆောင်ရခြင်းဖြစ်သည်ဟု အမှတ် ၁၂ ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“ဧည့်စာရင်းရော မှတ်ပုံတင်ရော မိတ္တူဆွဲပေးရတဲ့အပြင် ဓာတ်ပုံပါရိုက်ပေးရတယ် စစ်တပ်က ခိုင်းတာလား ဒါမှမဟုတ် ဘောမချန်နယ်တွေက စာတွေဖတ်ပြီး လုပ်တာလားမသိဘူး”ဟု ပြောသည်။

အချို့ ရပ်ကွက်များတွင်မူ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဓာတ်ပုံဆိုင်များနှင့် ပူးပေါင်းကာ အိမ်တိုင်ရာရောက်
လိုက်ရိုက်ပေးသူများလည်း ရှိသည်ဟု ၂၀ ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“ရွေပေါက်ကံမှာက အလုပ်သမားများတယ် စက်ရုံတွေလည်းများတယ် ဒါ့ကြောင့် ဂွင်ဖန်တာဖြစ်မှာပေါ့ ဘယ်မြို့နယ်မှ အဲ့လိုမလုပ်ဘူး”ဟု ပြောသည်။

ရွေပေါက်ကံမြို့သစ် အမှတ် ၁၅ ရပ်ကွက်ရုံးတွင်မူ ရုံးရှေ့တွင် စာကပ်ထားပြီး မှတ်ပုံတင်မိတ္တူ၊ ဧည့်စာရင်းမိတ္တူနှင့်
မိသားစု ဓာတ်ပုံများရိုက်၍ အချိန်မှီပေးပို့ရသည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“ဘောမတွေက မြောက်ပေးတိုင်း လိုက်လုပ်နေတာ လူတွေက အဆင်မပြေရတဲ့ကြားထဲ ဒုက္ခပေါ်ဒုက္ခဆင့်တယ် ဓာတ်ပုံရိုက်ဖို့ အလုပ်နားရတယ် အဲ့ဒီနေ့ စားဝတ်နေရေး ဘယ်သူ တာဝန်ယူမှာလဲ”ဟု ပြောသည်။

လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် UG များကို ရှာဖွေဖမ်းဆီးနိူင်ရန် ဧည့်စာရင်းဖြင့် နေထိုင်သူများကို ဓာတ်ပုံရိုက်ထားပြီး ရပ်ကွက်ရုံးများတွင် သိမ်းဆည်းထားတာဖြစ်သည်ဟု ရပ်မိရပ်မိတစ်ဦးက CJ Platform ကို
ပြောသည်။

“၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုပြီးတော့ ထောက်လှမ်းရေးက လုပ်တဲ့ပုံစံမျိုးလုပ်တာ လူရှာမယ် ဖမ်းမယ်”ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် ရွှေပေါက်ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ဧည့်စာရင်းဖြင့် နေထိုင်သူများအားလုံး ဓာတ်ပုံပေးပို့နေရသည်ဟု မြို့ခံတွေဆီက သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မြောက်ဥက္ကလာပ #ရွှေပေါက်ကံ #လူဦးရေစာရင်း