မြောက်ဥက္ကလာ လျှပ်စစ်မန်နေဂျာရုံးအနီး ဗုံးပေါက်ကွဲ

Author ကိုထက်
Categories
Published on Mar 06, 2024

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ်မန်နေဂျာရုံးအနီးတွင် ယနေ့(မတ်လ ၆)ရက်နေ့ ညပိုင်းက ဗုံးနှစ်လုံးဆက်တိုက်ပေါက်ကွဲကြောင်း လျှပ်စစ်ရုံးအနီးနေသူများက ပြောသည်။

 

ညနေ ၆ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူအထိအခိုက်ရှိမရှိ မသိရကြောင်း ၎င်းတို့က ဆိုသည်။

 

“ (ညနေ)၆ ခွဲခါနီးလောက်ကဖြစ်တာ အဝိုင်းနားက မီတာရုံးဘက်ပဲ။ အသံက တော်တော်ကျယ်တယ်။ ညနေရုံးပြန်ချိန်ဆိုတော့ ပြေး‌ပြေးလွှားလွှားတွေတောင်ဖြစ်ကုန်ကြတယ်။ နှစ်ချက်ဆက်တိုက်ပဲ။ အထိအခိုက်ကတော့ သေချာမသိဘူး” ဟု ယင်းမြို့နယ် (ဃ)ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

 

ယခုဗုံးများပေါက်ကွဲရာနေရာဝန်းကျင်ဖြစ်သည့် ခေမာသီလမ်းနှင့် သုဓမ္မာလမ်းထောင့်‌တဝိုက်ကို စစ်ကောင်စီတပ်သားများ စစ်ဆေးမှုများပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။

 

“အဲဒီနားလမ်းသွားလမ်းလာ အကုန်စစ်တယ်။ ပေါက်ပေါက်ပြီးချင်း ခဏကြာတော့ ရောက်လာကြတယ်။ အစကတော့ အဲဒီထဲတပ်စွဲထားတာရှိတယ်။ အခုတော့ အင်အားမရှိလို့ထင်ပါတယ်။ သိပ်ပြီးမရှိကြဘူး။ နောက်ထပ်ဗုံးကျန်မကျန် လမ်းပိတ်ပြီး ရှာတာတွေလုပ်တယ်” ဟု အဆိုပါပြည်သူက ပြောသည်။

 

မြောက်ဥက္ကလာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးသည် မကြာခဏဆိုသကဲ့သို့ ဗုံးခွဲတိုက်ခိုက်ခံရပြီး ယခင်ပေါက်ကွဲမှုများကို မြို့ပြပျောက်ကြားအဖွဲ့များက လုပ်ဆောင်ကြောင်း ထုတ်ပြန်သော်လည်း၊ ယခုအခါပေါက်ကွဲမှုကို မည်သည့်အဖွဲ့ကမျှ ထုတ်ပြန်ခြင်းမရှိသေးပေ။

 

ဓာတ်ပုံ – မြောက်ဥက္ကလာပ လျှပ်စစ်မီတာရုံး