မြောက်ဒဂုံမြို့နယ်တွင် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရပြီးသေ

Author အောင်နိူင်သူ
Categories
Published on Sep 29, 2022

မြောက်ဒဂုံမြို့နယ် ၃၂ ရပ်ကွက် ရွှေပြည်သာဖြတ်လမ်းတွင် ယနေ့ နေ့လည်ပိုင်းက စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့လို့သေဆုံးသွားသည်ဟု မြို့ခံတွေဆီက သိရသည်။

ယနေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် ရပ်ကွက်အတွင်း ဆိုင်ကယ်တစ်စီးဖြင့် လှည့်လည်နေသည့် ရာအိမ်မှူးကို ဆိုင်ကယ်တစ်စီးပေါ်မှ သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်သွားတာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ရက်ကွက်ထဲ ဆိုင်ကယ်တစ်စီးနဲ့ လှည့်ပြီး ဂွင်ဖန်နေတာ အဲ့ဒီအချိန် ပစ်ခံရတာ ပွဲချင်းပြီးပဲ”ဟု ရှင်းပြသည်။

သေနတ်ဖြင့်ပစ်ခံရ၍ သေဆုံးသူမှာ ၃၂ ရပ်ကွက် ရာအိမ်မှူးဦးဌေးအောင်ဖြစ်ပြီး Body ရုပ်အလောင်းကို မြို့နယ်ဆေးရုံသို့ စစ်ကောင်စီက ပို့ဆောင်လိုက်သည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ပစ်ခတ်မှု့ဖြစ်ပြီးနောက် ၃၂ ရပ်ကွက်အတွင်း ပစ်ခတ်ခဲ့သည့် ဆိုင်ကယ်ကို စစ်ကောင်စီတပ်တွေက လိုက်လံရှာဖွေခဲ့သည်ဟု ရပ်မိရပ်ဖတွေဆီက သိရသည်။

ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၂၈ရက်အထိ ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှု ၄၀ကြိမ်ဖြစ်ခဲ့ပြီး ၁၀ဦးသေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရရှိသည်။