မြောက်ဒဂုံတွင် ၃၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးလင်မယား သေနတ်ဖြင့် ပစ်ခံရပြီးနောက် အမျိုးသားသေဆုံး

Author ကိုထက်
Categories
Published on Apr 01, 2024

ရန်ကုန်တိုင်း၊ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် ၃၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးလင်မယား သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် အုပ်ချုပ်ရေးမှူးနေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အဆိုပါရပ်ကွက်နေသူများထံမှ သိရသည်။

 

၃၀ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနှင့် ဇနီးဖြစ်သူ ဒေါ်စန္ဒာအေးတို့ ၎င်းတို့နေအိမ်မှ အုပ်ချုပ်ရေးမှူးရုံးသို့ ဘေးတွဲဆိုင်ကယ်ဖြင့်လာစဉ် လမ်း၌ ယမန်နေ့ မတ်လ ၃၁ ရက် နေ့လယ် ၂ နာရီခန့်က ပစ်သတ်ခံခဲ့ရကြောင်း ၃၀ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

 

“သူနဲ့ သူ့မိန်းမက ရုံးကိုလာဖို့ ဘေးတွဲနဲ့ထွက်အလာမှာ အပစ်ခံရတာ။ ဖြစ်ဖြစ်ချင်းဆိုတော့ တော်တော်ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ အုပ်ချုပ်ရေးမှူးကတော့ ပွဲချင်းပြီးပဲ။ သူ့မိန်းမကတော့ နှစ်ချက်ထိသွားတယ်” ဟု ၎င်းက ပြောသည်။

 

ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးကြည်ထွန်းသည် ရပ်ကွက်အတွင်း စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကို အကောင်အထည်ဖော်ဆောင်နေသူတစ်ဦးဖြစ်ပြီး ၎င်းပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားများက ယင်းပတ်ဝန်းကျင်ကို အစစ်အဆေးများတင်းကျပ်စွာ ပြုလုပ်ခဲ့ကြောင်း အဆိုပါဒေသခံက ဆိုသည်။

 

“ဖြစ်ပြီးပြီးချင်းပဲ။ သူတို့နေတဲ့ ဗိုလ်ဇင်ယော် ၁ လမ်းရော၊ အနီးနားလမ်းတွေရော ပိတ်ပြီးစစ်တာ။ တော်တော်တင်းကျပ်တယ်။ လူငယ်တွေကို ပိုစစ်တယ်” ဟု ၎င်းက ပြောသည်။

 

သေဆုံးသူအုပ်ချုပ်ရေးမှူးနှင့် ဒဏ်ရာရရှိသူ ၎င်း၏ဇနီးတို့ကို လူနာတင်ကားများဖြင့် အမှတ် ၂ စစ်ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း အုပ်ချုပ်ရေးမှူးနှင့်နီးစပ်သူများထံမှ သိရသည်။

 

မတ်လ ၃၁ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ခန့်က ရန်ကုန်တိုင်း၊ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကြည်ထွန်းနှင့် ဇနီးတို့သည် နေအိမ်မှ  ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဆိုင်ကယ် ဆိုက်တွဲဖြင့် အသွားလမ်းခရီး၌ NUG/PDF က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်လိုက်သည်။ ထို့အတူ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကြည်ထွန်း ၏  ဇနီးဖြစ်သူလည်း ကျည်ထိမှန် ဒဏ်ရာ ရရှိထားသည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် ဖော်ပြထားသည်။

 

ထိုစစ်ဆင်ရေးကို ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခုဖြစ်သော Project Home အဖွဲ့ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် မတ်လ ၂၄ ရက်ကလည်း ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးက စာရေးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရ၍ အုပ်ချုပ်ရေးမှူးသေဆုံးပြီး စာရေးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

 

ရန်ကုန်တွင် ၂ နှစ်မှ ၅ နှစ်အထိ စစ်မှုထမ်းရမည့် ဥပဒေကို အကောင်အထည်ဖော်နေသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးအင်အားစုများက သတိပေးမှုများပြုလုပ်ထားပြီး စမ်းချောင်းနှင့် မြောက်ဥက္ကလာမြို့နယ်များက အုပ်ချုပ်ရေးမှူးအချို့ နုတ်ထွက်စာတင်ကာ တိမ်းရှောင်နေကြသည်။

 

ဓာတ်ပုံ – အင်တာနက်

 

ပုံစာ – မြောက်ဒဂုံမြို့အဝင်