မြောက်ခင်ရန်းရွာက စစ်သားနှင့် ပျူများ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုထပ်မံပြုလုပ်

Author မင်းထက်
Categories
Published on Feb 15, 2024

ယော PDF နှစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သော မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး(ပြည်သူ့စစ်)ပူးပေါင်းစစ်ကြောင်းသည် အနီးကျေးရွာများက ဒေသခံအရပ်သား ၁၀ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက် နံနက် နံနက် ၅ နာရီကျော်က မြောက်ခင်ရန်းရွာနေ ပျူစောထီးနှင့် စစ်ကောင်စီတပ်သားအင်အား ၂၀၀ ကျော်သည် သင်တော၊ ရွှေဘိုနှင့် ရေသာကျေးရွာတို့မှ ပြည်သူ ၁၀ ဦးကို သေနတ်ဖြင့်  အစုလိုက်အပြုံလိုက် ပစ်သတ်သွားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

 

“ရိက္ခာပြတ်တာရယ်၊ ရဲဘော် ၂ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာကို ဖုံးဖိဖို့ စစ်ကြောင်းထိုးတဲ့သဘောဗျ။ ရည်ရွယ်ချက်ရှိရှိနဲ့ အဲဒီရွာတွေကိုစစ်ကြောင်းထိုးလာတာပေါ့ခင်ဗျ။ ပြည်သူတွေကိုသတ်ဖြတ်ပြီး လက်လုပ်သေနတ်တွေနဲ့ သူတို့မီဒီယာတွေကနေ လက်လုပ်သေနတ်တွေထည့်ပြီး ဓာတ်ပုံရိုက်သွားတာခင်ဗျ” ဟု  ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

ထိုစစ်ကြောင်းသည် သင်တောရွာမှ အရပ်သားများဖြစ်သည့် ဦးဘိုသန်း(၅၆ နှစ်)၊ ဦးပြူးသာ (၅၆ နှစ်)၊ ဦးတင့်လွင်(၃၆ နှစ်)၊ ဦးမောင်ပု(၃၃ နှစ်)၊ ဦးမောင်နိုင်(၃၆ နှစ်)၊ ဦးကျော်မိုးလွင်(၂၆ နှစ်)နှင့် ဦးဌေးအောင်(၅၂ နှစ်) စုစုပေါင်း ခုနှစ်ဦးတို့ကို ဖမ်းဆီးကာ သင်တောရွာတောင်ဘက် ဘုရားကုန်းတွင် အုပ်စုလိုက်သတ်ဖြတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ထိုသို့သတ်ဖြတ်ပြီးနောက် သင်တောရွာက နေအိမ်အလုံး ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု သိရသည်။

 

ထို့ပြင် ယင်းစစ်ကြောင်းသည် သင်တောရွာမှတစ်ဆင့် ရွှေဘိုရွာထဲသို့ ဝင်ရောက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ၂ နာရီနီးပါး ပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရွှေဘိုရွာထဲသို့ ၀င်ရောက်ခဲ့ကြောင်း ဂန့်ဂေါပအဖထံမှ သိရသည်။

 

စစ်သားနှင့် ပျူးပေါင်းအဖွဲ့သည် ရွှေဘိုရွာထဲသို့ ရမ်းသမ်းပစ်ခတ်ဝင်ရောက်လာခြင်းကြောင့် ပေါင်တွင်သေနတ်ဒဏ်ရာရခဲ့သည့် ကိုတိုးလွင်(၂၅ နှစ်)နှင့် နေအိမ်အတွင်းပုန်းခိုနေသည့် ကိုမျိုးသန့်(၃၇ နှစ်)တို့ကို ဖမ်းဆီးပြီးနောက် ဦးခေါင်းကိုပစ်ခတ်သတ်ဖြတ်ခဲ့သည့်အပြင် ထွက်ပြေးတိမ်းရှောင်နေသည့် ကံတိုးရွာသား ကိုဇော်လင်းအောင်(၃၅ နှစ်)ကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ထိုအဖွဲ့က ဆိုသည်။

 

ထို့ပြင် ရွှေဘိုရွာက နေအိမ် ၆ လုံးကို မီးရှို့ခဲ့သည့်အပြင် ယင်းကျေးရွာများမှ ပြည်သူပိုင်ပစ္စည်းများကို ညနေ ၅ နာရီခန့်တွင် Light Truck ကားများဖြင့် ခိုးယူသယ်ဆောင်သွားပြီးနောက် မြောက်ခင်ရန်းကျေးရွာထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

 

ယခင်နှစ် ၂၀၂၃ နိုဝင်ဘာလ ၇ ရက်နေ့က  မြောက်ခင်ရန်းရွာ တိုက်ပွဲအတွင်း ဖမ်းမိသွားသည့် ယောကာကွယ်ရေးတပ်မှ ရဲဘော် ဖိုးတေနှင့် သားထောင်တို့ကို စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများက  အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည်။ ထိုရုပ်သံဖိုင်သည် ယခုနှစ် ဖေဖော်ဝါရီ ၆ ရက်က လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့သည်။ ယခုအခါတွင် ထိုစစ်ကောင်စီအင်အားစုများက အပြစ်မဲ့အရပ်သားများကို အစုလိုက်အပြုံလိုက်ထပ်မံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဂန့်ဂေါ ပအဖ ထံမှ သိရသည်။

 

မြောက်ခင်ရန်းကျေးရွာသည် လက်ရှိနေပြည်တော် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဘူးလက် လှဆွေ၏ ကျေးရွာဖြစ်သည့်အတွက် ဘူးလက်လှဆွေ၏ ကြိုးကိုင်ဦးဆောင်မှုဖြင့် လက်နက်တပ်ဆင်ထားခြင်းဖြစ်ကြောင်း၊ ပြီးခဲသည့်ရက်များအတွင်း ရဟက်ယာဉ်ဖြင့် လက်နက်အင်အားဖြည့်တင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောဆိုချက်အရ သိရသည်။