မြောက်ကိုရီးယားမှ ထောက်လှမ်းရေးဂြိုလ်တု အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီးနောက် တောင်ပိုင်းနှင့် စစ်ရေးတင်းမာလျက်ရှိ

Author လင်းနွေဦး
Categories
Published on Nov 23, 2023

မြောက်ကိုရီးယားနိုင်ငံ၏ မြို့တော် ပြုံယမ်း တစ်နေရာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ (၂၁) ရက်နေ့ အင်္ဂါနေ့၌ ဒုံးကျည်တစ်စင်း အာကာသထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း BBC Media မှ ဖော်ပြသည်။

 

၎င်း ဒုံးကျည်တွင် Malligyong-1 ဟု အမည်ပေးထားသော ထောက်လှမ်းရေး ဂြိုလ်တု ပါရှိပြီး အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယား မီဒီယာများ၌ ဖော်ပြခဲ့ပြီးနောက် တောင်ကိုရီးယား နှင့် စစ်ရေးတင်းမာလာခဲ့ခြင်းဖြစ်သည်။

 

မြောက်ကိုရီးယားသည် ယခင်က လွှတ်တင်မှုအား နှစ်ကြိမ်တိုင် စမ်းသပ်ခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိဘဲ ယခုအခေါက်တွင်မှ အောက်မြင်စွာ လွှတ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယား စစ်ဘက်မှ လည်း လွှတ်တင်မှု အောင်မြင်ကြောင်း အတည်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

 

တောင်ကိုရီးယားစစ်ဘက်မှ “လွှတ်တင်မှု အောင်မြင်ပေမဲ့ ကောင်းမွန်စွာ လည်ပတ်ရှိမရှိ ကတော့ မသေချာ သေးပါဘူး၊ ဒါကို အမေရိကန် အစိုးရဘက်ကနေလည်း အပြင်းအထန် စိုးရိမ်လျက်ရှိနေပါတယ်” ဟု ဖော်ပြခဲ့သည်။

 

မြောက်ကိုရီးယား၏ အာကာသ အေဂျင်စီ ဖြစ်သည့် National Aerospace Technology Administration(NATA) မှ ယခုလို ထောက်လှမ်းရေး ဂြိုလ်တု လွှတ်တင်မှုအား နိုင်ငံ၏ ခုခံကာကွယ်ရေး စနစ်အား တိုးမြှင့်ခြင်းဖြစ်ကာ ရန်သူများ၏ အန္တရာယ် ရှိသော စစ်ရေးလှုပ်ရှားမှုများအား ရင်ဆိုင်နိုင်ရန်ဟု ပြောကြားခဲ့ပြီး မြို့တော် ပြုံယမ်းမှလည်း လာမည့်အချိန်တိုအတွင်း ယခုကဲ့သို့ ဂြိုလ်တုများ ထပ်မံ လွှတ်တင်​သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

 

မြောက်ကိုရီးယား၏ အောင်မြင်မှုအား တောင်ကိုရီးယား ဝန်ကြီးချုပ် Han Duck- Soon မှ” တောင်ကိုရီးယား၏ လုံခြုံရေးအား ခြိမ်းခြောက်မှု”ဟု သုံးနှုန်းခဲ့သလို အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူမှလည်း “ဒေသတွင်းလုံခြုံရေးအား မငြိမ်မသက်ဖြစ်စေသည့် နောက်ကွယ်ကိစ္စရပ်များ ရှိလာမည်” ဟု သတိပေးပြောကြားခဲ့သည်။

 

သို့ရာတွင် ကျွမ်းကျင်ပညာရှင်များမှ မြောက်ကိုရီးယား၏ ထောက်လှမ်းရေးဂြိုလ်တု ၏ အရည်အသွေးအား သံသယရှိနေကြပြီး အဓိကအားဖြင့် ၎င်းတွင် တပ်ဆင်ထားသော ကင်မရာတွင် ” စစ်ဘက်ဆိုင်ရာ ကင်းထောက်ခြင်းကိစ္စရပ်များအတွက် လုံလောက်သည့် စွမ်းဆောင်ရည် အနေအထား ရှိမနေနိုင် “ဟု ကိုရီးယားအမျိုးသားနည်းဗျူဟာအဖွဲ့၏ ဒုံးကျည်ဆိုင်ရာဌာန တွင် လုပ်ကိုင်နေသည့် Jang Young-geun(ဂျန်ရောင်းဂျင်း)မှ ဆိုသည်။

 

သို့သော်လည်း အရည်အသွေးမကောင်းခြင်းသည် ဘာမှမရှိခြင်းနှင့်ယှဉ်လျှင် ပိုကောင်းပြီး ပစ်မှတ်အား သေချာ ထိရောက်အောင် ချိန်ဆရန်အတွက် အချက်အလက်များ ပိုမိုလိုအပ်လိမ့်မည် ဟု ၎င်း၏ အမြင်အား နိုင်ငံတကာမီဒီယာများသို့ ထပ်မံဖြည့်စွက် ပြောကြားပေးခဲ့သည်။

 

ယခုကဲ့သို့ မြောက်ကိုရီးယား၏ ဂြိုလ်တု လွှတ်တင်မှုကြောင့် မြောက်ပိုင်းခေါင်းဆောင် ကင်ဂျုံအန် နှင့် တောင်ကိုရီးယားသမ္မတ ဟောင်း မွန်ဂျေးအင် တို့ ၂၀၁၈ ခုနှစ်က ရေးထိုးခဲ့သော နှစ်နိုင်ငံနယ်စပ် အရေး တင်းမာမှုများ ပြေလည်စေမည့်စာချုပ်အား ပြေလျော့စေသည့် သဘောသက်ရောက်မှု ရှိသည်ဟု တောင်ကိုရီးယားဘက်မှ ပြောကြားခဲ့ကာ နှစ်နိုင်ငံနယ်စပ်တွင် စစ်ရေးပြန်လည် တင်းမာမှုများ ရှိနေခဲ့ကြောင်း BBC မှ ဖော်ပြသည်။