မြေယာများ ထပ်မံသိမ်းယူနိုင်ရန် မြေခွန်မဆောင်သူများ အရေးယူမည်ဟု စစ်ကောင်စီပြော

Author ကိုပေါက်
Categories
Published on Dec 14, 2022

အာဏာသိမ်း စစ်ခေါင်းဆောင်က လယ်ယာမြေအချို့ကို ထပ်မံသိမ်းဆည်းနိုင်ရန်အတွက် မြေခွန်ဆောင်ရန် ပျက်ကွက်သူများကို အရေးယူမည်ဟု ထုတ်ပြန်ခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။

NLD အစိုးရလက်ထက်တွင် လုပ်ကိုင်ခွင့်ပေးထားသည့် မြေယာများကို မြေခွန်အခပေးသွင်းရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရုံးတွင်းအမိန့်ထုတ်ပြန်ခဲ့တာဖြစ်သည်ဟု မြေလွတ် ၊မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီနှင့် နီးစပ်သူတစ်ဦး CJ Platform ကိုပြောသည်။

“အခုစီးပွားရေးဇုန်က မြေတွေလည်း စစ်တပ်က မျက်စိကျနေပြန်ပြီ အဲ့ဒါကြောင့် အခွန်တွေပေးဖို့ စာထုတ်တယ်
အချို့ဆို သိန်းရာနဲ့ချီပြီး အခွန်ဆောင်ရတယ် မဆောင်ဘူးလား ရတယ် မြေပြန်သိမ်းမယ် အရေးယူမယ် ဒီပုံစံပဲ”ဟု ပြောသည်။

မြေခွန်စည်းကြပ်ကောက်ခံမှုအပေါ် မြေခွန်ပေးသွင်းရန် ၂၀၁၇ခုနှစ်-၂၀၁၈ခုနှစ် မှ ၂၀၂၁ခုနှစ်-၂၀၂၂ခုနှစ်အထိ ပျက်ကွက်နေသူများအား စိစစ်ကာ အရေးယူမှုများ ဆောင်ရွက်သွားမှာ ဖြစ်သည်ဟု လုပ်ငန်းရှင်အချို့ထံမှ
သိရသည်။

လှည်းကူးနှင့် မှော်ဘီမြို့နယ်ရှိ ညောင်နှစ်ပင် အထူးစီးပွားရေးဇုန်တွင် လုပ်ပိုင်ခွင့်ရရှိထားသော လုပ်ငန်းရှင်များကို စစ်ကောင်စီတပ်က ရန်ပုံငွေဟုဆိုကာ ငွေကြေးကောက်ခံမှုများလည်း ရှိသည်ဟု လုပ်ငန်းရှင်တစ်ဦးက CJ Platform ကိုပြောသည်။

“၈ ရက်နေ့ကတည်းက စာရောက်လာတယ် ဇုန်ထဲမှာ လမ်းတွေလုပ်တယ် မီးကြိုးတွေသွယ်တယ်ပေါ့ ရန်ပုံငွေထည့်ရမယ် ကျနော်ထင်တာ ညောင်နှစ်ပင်ကို ပြင်လုပ်နေတယ်နဲ့တူတယ် အလှူငွေဆိုပြီး သိန်း ၇၀ ပေးရတယ် အချို့ဆို ကိုယ့်ထက်ငွေအမောက်များတယ်”ဟု ပြောသည်။

စစ်ကောင်စီက မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လုပ်ပိုင်ခွင့် ၊ အသုံးပြုခွင့် ရရှိထားသူတွေအနေဖြင့် ပထမနှစ် ၁၅ရာခိုင်နှုန်း၊ ဒုတိယနှစ်နှင့် တတိယနှစ် ၃၀ရာခိုင်နှုန်း စတုတ္ထနောက်ဆုံးနှစ်တွင် ၂၅ရာခိုင်နှုန်း လုံးပြီးစီးအောင် မြေခွန်ပေးသွင်းရန် ဆောင်ရွက်ရမှာဖြစ်သည်ဟု အသိပေး ပြောဆိုထားသည်။

လက်ရှိအခြေအနေတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က စည်းကမ်းချက်နှင့် မကိုက်ညီသည်ဟု အကြောင်းပြချက်ဖြင့် ပြန်လည်သိမ်းဆည်းခဲ့သည့် မြေလွတ် ၊ မြေလပ်၊ မြေရိုင်းဧကပေါင်း ၁၆ သိန်းခန့် ရှိသည်ဟု စစ်တပ်နှင့်နီးစပ်သူတွေဆီက သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မင်းအောင်လှိုင် #မြေခွန် #မြေသိမ်း