မြို့သိမ်း၊ ပြည်သိမ်းတိုက်ပွဲများ ဆက်လက်ဆင်နွှဲမည်ဟု NUG သမ္မတပြော

Author ကိုထားဝယ်
Categories
Published on Nov 07, 2023

တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ခုခံစစ်မှသည် ထိုးစစ်အသွင်အဖြစ် မြို့သိမ်း၊ ပြည်သိမ်းတိုက်ပွဲများအထိ ဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါ လရှီးလက ပြောကြားသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)လက်အောက်ရှိ တော်လှန်ရေးတပ်ပူးပေါင်းအဖွဲ့က ယမန်နေ့က ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ယနေ့နံနက် ၁၀ နာရီကပြုလုပ်ခဲ့သည့် အစည်းအဝေးအပြီးမှာ ယာယီသမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဆက်လက်ပြီးတော့ ခုခံတော်လှန်စစ်မှသည် မြို့သိမ်း ပြည်သိမ်းတိုက်ပွဲတွေအထိ တစ်လှိုင်းပြီး တစ်လှိုင်း ဆက်လက် ချီတက်နိုင်ကြမယ်လို့ ကျွန်တော့်အနေနဲ့ အထူးမျှော်လင့်ပါတယ်” ၎င်းက ပြောသည်။

ယာယီသမ္မတက ၁၀၂၇ စစ်ဆင်ရေး၏ အောင်ပွဲများကို အားရကျေနပ်ကြောင်းပြောသလို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် တော်လှန်ရေးအဖွဲ့များ၏ ပူးပေါင်းအောင်ပွဲ အောင်ဂျာယန်စခန်းသိမ်းတိုက်ပွဲအကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးမှာ မန္တလေး ပကဖက အပြည့်အဝပူးပေါင်းတိုက်ခိုက်နေသည့်အကြောင်းများပြောပြီးနောက် ကောလင်းမြို့အောင်ပွဲအကြောင်းကို ဂုဏ်ယူဝမ်းမြောက်စွာ ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ပူးပေါင်းစစ်ဆင်ရေးတွေရဲ့ အကျိုးကျေးဇူးကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရပြီဖြစ်သလို၊ နွေဦးတော်လှန်ရေးမှာ အမြင့်မားဆုံးသော စစ်ရေးမှတ်ကျောက်ကို ရေးထွင်းနိုင်တဲ့အချိန်ကို ရောက်လာပြီ ဖြစ်ပါတယ်” ဟု ဒူဝါ လရှီးလက ပြောသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှ တော်လှန်ရေးအဖွဲ့များသည် ကောလင်းမြို့သိမ်းတိုက်ပွဲကဲ့သို့ တော်လှန်ထိုးစစ်ကို အရှိန်အဟုန်ဖြင့် ထပ်မံချီတက်နေသည်မှာ ကလေးမြို့နှင့် တမူးမြို့တို့တွင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

NUG ၏ စစ်ရေးထိုးစစ်များနှင့် မြို့သိမ်းစစ်ဆင်ရေးများကို ဒိုမီနိုသဘောတရားဖြင့် ယာယီသမ္မတက တင်စားပြောကြားခဲ့သည်။

“စစ်ရေးထိုးစစ်တွေနဲ့ မြို့သိမ်း စစ်ဆင်ရေးတွေဟာ ဒိုမီနိုသဘောတရားလို ဆင့်ကာဆင့်ကာနဲ့ ထပ်တိုးလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီအောင်ပွဲတွေကို ကျွန်တော်တို့ ဝမ်းမြောက်စွာ ကြိုဆိုသလို လေးနက်စွာ အားစိုက် ထပ်တိုး လုပ်ဆောင်ကြရမယ်လို့ အထူး ပြောကြားချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ယခုလက်ရှိ စစ်ကောင်စီကို တိုက်ခိုက်နေရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအဖွဲ့များဘက်က အောင်ပွဲအလီလီဆင်နေသော်လည်း စစ်ကောင်စီဘက်က EAOs နှင့် မိမိတို့ တပ်ဖွဲ့ဌာနချုပ်များကို ပစ်မှတ်ထား၍ အလုံးအရင်းနှင့် ထိုးစစ်ဆင်မှုများပြုလုပ်လာနေသည်ကို သတိထားသင့်ကြောင်း ပြောသည်။သတိထားသင့်ကြောင်း ပြောသည်။

ထို့ကြောင့် စစ်ရေးတွင် မည်သည့်အရာမျှ သေးဖွဲသည်ရယ်ဟူ၍ မရှိသဖြင့် မိမိတို့အနေဖြင့် တိုင်းရင်းသားမဟာမိတ်တော်လှန်ရေးအဖွဲ့များ၏ ဗဟိုဌာနချုပ်များကို စစ်ကောင်စီ ထိုးစစ်ရောက်မလာစေရန် နည်းပေါင်းစုံဖြင့် ကာကွယ်လုပ်ဆောင်ကြရန် လိုကြောင်း NUG သမ္မတက ထောက်ပြပြောဆိုသည်။

“စစ်ကောင်စီက လိုင်ဇာကို ဦးတည်ပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုမှာ၊ တရုတ်ဘက် အခြမ်းကို စစ်ကောင်စီရဲ့ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲ တာတွေရှိလို့ တရုတ်အရပ်သား တချို့ သေဆုံးတာတွေ ရှိခဲ့ပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ၁၀၂၇ စစ်ဆင်ရေးမှနေ၍ တစ်နိုင်ငံလုံးက တော်လှန်ရေးတပ်များ ပါဝင်လာမှုကို ပြောသလို မြန်မာပြည် တောင်ပိုင်းအပြင် မြောက်ပိုင်းမဟာမိတ်များအားလုံးပါ နွေဦးတော်လှန်ရေးထဲ အင်အားအပြည့်ဖြင့် ပါဝင်လာခြင်းသည် တော်လှန်ရေးအတွက် အလွန်အင်အားရှိစေသည်ဟု ပြောသည်။

“နိုင်ငံတကာအနေနဲ့ အထူးသဖြင့် တရုတ်နှင့် အာဆီယံတို့အမြင်မှာ ကျွန်တော်တို့ NUG နဲ့ အညာဒေသ၊ ချင်း၊ ကရင်နဲ့ ကယားတို့ရဲ့ ခုခံစစ်တွေတင်မကဘဲ မြောက်ပိုင်း၊ တောင်ပိုင်းတို့ပါ အင်အားအပြည့်နဲ့ စစ်ကောင်စီကိုတိုက်ခိုက်နေပြီဖြစ်တာကြောင့် တစ်နိုင်ငံလုံးပါဝင်တဲ့ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး ကြိုးပမ်းမှုကြီးအဖြစ် အမြင်ပိုမို ရှင်းလင်းသွားတော့မှာ ဖြစ်ပါတယ်” ဟု မန်းဝင်းခိုင်သန်းက ပြောသည်။

လက်နက်အားကိုးဖြင့် စစ်အုပ်စုက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကို ယင်းနှစ် စက်တင်ဘာလအတွင်းမှစတင်၍ ခုခံစစ်အဖြစ်စတင်းခဲ့ပြီးနောက် ၂ နှစ်ကျော်အကြာ ယခုနှစ် အောက်တိုဘာ ၂၇ ရက်ကစတင်၍ မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် တစ်နိုင်ငံလုံးစစ်ကောင်စီကို တော်လှန်တိုက်ခိုက်မှုအလွန်အားကောင်းလာနေပြီဖြစ်သည်။

စစ်ကောင်စီ၏ စခန်း ကြီး၊ ငယ်အပါအဝင် မြို့သိမ်းတိုက်ပွဲများကို မြောက်ပိုင်းအဖွဲ့များအပြင် NUG ၏ တော်လှန်ရေးပူးပေါင်းအဖွဲ့များမှလည်း ဆင်နွှဲလာနိုင်ခဲ့ပြီဖြစ်သည်။