မြို့နယ် ၄၃ မြို့နယ်ရှိ တရုတ်စီမံကိန်းများအနီး တိုက်ပွဲဖြစ်ပွားမှု နှစ်ဆနီးပါးမြင့်တက်လာ

Author လင်းခိုင်
Categories
Published on Nov 26, 2022

 

ပြည်နယ်နှင့် တိုင်းဒေသကြီး ရှစ်ခုရှိ မြို့နယ် ၄၃ မြို့နယ်တွင် တရုတ်စီမံကိန်းများအနီး တိုက်ပွဲဖြစ်ပွားမှု နှစ်ဆနီးပါးမြင့်တက်လာကြောင်း ISP Myanmar ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

အာဏာသိမ်းမှုအလွန် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ တရုတ်-မြန်မာ စီးပွားရေး စီမံကိန်းများ အကောင်အထည်ဖော်ရန် စီစဉ်ထားသည့် ပြည်နယ်နှင့် တိုင်းရှစ်ခုက မြို့နယ် ၄၃ မြို့နယ်တွင် တိုက်ပွဲပေါင်း ၃၀၁ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ယင်းစီမံကိန်းကြီးများအနီး တိုက်ပွဲ ၁၀၁ ကြိမ်ထက်မနည်းဖြစ်ခဲ့ရာ ၂၀၂၂ ခုနှစ် နှစ်စမှ အောက်တိုဘာ အထိ တိုက်ပွဲအကြိမ်ရေ ၂၀၀ ထက်မနည်း ဖြစ်လာသည့်အတွက် နှစ်ဆနီးပါး များပြားလာခြင်းဖြစ်သည်ဟု ISP Myanmar ကဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများဖြစ်သည့် ရေနံပိုက်လိုင်း၊ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၊ တရုတ်(ယူနန်)-မြန်မာ(ရန်ကုန်)-အိန္ဒိယသမုဒ္ဒရာ ပင်လယ်ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်မှုလမ်းကြောင်းသစ်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တရုတ်စီမံကိန်းများဖြစ်သည့် မြစ်ဆုံဆည်၊ ကန်ပိုက်တီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်၊ ချင်းရွှေဟော် နယ်စပ်စီးပွားေ၇း ပူးပေါင်းဆောင်ရွက်မှုဇုန်၊ ကွမ်းလုံတံတားစီမံကိန်း၊ မူဆယ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်နှင့် မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးမှုဇုန်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ထို့ပြင် ၀တလုံး ဥမင်လိုဏ်ခေါင်း စီမံကိန်း၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ ရန်ကုန်မြို့သစ်စီမံကိန်း၊ မီးလင်းချိုင် စွမ်းအင်စီမံကိန်း နှင့်ကျောက်ဖြူရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း အနီးတို့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- လူမှုကွန်ရက်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #တရုတ်စီမံကိန်း #တိုက်ပွဲ