မြိုင် တွင်းမကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား တစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာပြင်းထန်

Published on Mar 18, 2024

မကွေးတိုင်း မြိုင်မြို့နယ် တွင်းမကျေးရွာအနီး ကမ္မဒေသခံတော်လှန်ရေးတပ်ပ်(KMDF)နှင့် စစ်ကောင်စီတို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးကာ ရှစ်ဦးအပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း KMDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

တွင်းမကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီစစ်ကြောင်းသည် မတ် ၁၆ ရက်က ပခုက္ကူမြို့နယ် ရေးလာလေးနှင့် ညောင်ဂျစ်ပင်ရွာဘက်သို့စစ်ကြောင်းထိုးလာစဉ် ကမ္မဒေသခံတော်လှန်ရေးတပ်နှင့် ညနေ ၄ နာရီခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၁၀ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ယင်းစစ်ကြောင်း တိုက်မိုင်းတစ်ပွိုင့် ထိသွားကြောင်း KMDF သတင်းတာဝန်ခံက CJ Platform သို့ပြောသည်။

 

“ယာဉ်တန်းနဲ့လာပြီး တွင်းမပျူရွာမှာရပ်နေတာ ဆယ်ရက်လောက်ရှိပြီဗျ။ ဒီဘက်က တိုက်ခိုက်တော့ ပစ်ရင်းနဲ့ လဲကျသွားတာ မြင်နေရတယ်။ မီတာ လေးဆယ်လောက်ပဲ အများဆုံးဝေးမယ်” ဟု ၎င်းက ပြောသည်။

 

တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က သေဆုံးအလောင်းကို ညောင်ဂျစ်ပင်ကျေးရွာသို့သယ်သွားပြီး ထိခိုက်ဒဏ်ရာရလူနာများကို ပခုက္ကူမြို့ပေါ်သို့ သယ်ဆောင်သွားသည်။ ထို့နောက် ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် ညောင်ဂျစ်ပင်ကျေးရွာဘက်မှ မြောက်ဘက်အနီးဝန်းကျင်နေရာများကို စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

 

ပြီးခဲ့သည့် မတ် ၁၀ ရက်ကလည်း စစ်ကောင်စီကို ဗုံးခွဲတိုက်ခိုက်မှုများရှိခဲ့ကြောင်း၊ မကြာခဏ ထိတွေ့မှုများရှိသော်လည်း ဒေသကာကွယ်ရေးတပ်များအနေဖြင့် ကျည်မလုံလောက်မှုကြောင့် ရင်ဆိုင်တိုက်ခိုက်မှုမလုပ်နိုင်ဘဲ မိုင်းဆွဲတိုက်ခိုက်ခြင်းသာ လုပ်ဆောင်နိုင်ကြောင်း အထက်ပါတာဝန်ရှိသူက ဖြည့်စွက်ပြောကြားသည်။

 

မတ် ၉ ရက်က ပခုက္ကူမြို့နယ် ငဖောင်ခံကျေးရွာအနီး တပ်ထောက်ခံပွဲပြုလုပ်ရန် ကင်းစောင့်ပေးနေသော စစ်ကောင်စီတပ်သားနှင့် ပျူစောထီး(ပြည်သူ့စစ်)များကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ တပ်သားတစ်ဦးပြင်းထန်ဒဏ်ရာရခဲ့သည့်အပြင် ပျူစောထီးနှစ်ဦး ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း သိရသည်။