မြိုင်၊ ကိုင်းတောမရဲစခန်းက စစ်ကောင်စီတပ်သားများကို အနီးကပ်တိုက်ခိုက်မှု သုံးဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းရမိ

Author လဂွန်းအိမ်
Categories
Published on Mar 21, 2024

မကွေးတိုင်း၊ မြိုင်မြို့နယ် ကိုင်းတောမ ရေစက်အတွင်းမှ ထွက်လာသော အင်အား ၁၂ ဦးပါ စစ်ကောင်စီတပ်သားများကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် သုံးဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Pakokku People Defense Force(PPDF) တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ကိုင်းတောမ ဆေးခန်းရှေ့တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး သေဆုံးစစ်ကောင်စီတပ်သားအလောင်းများကိုဆွဲကာ ကိုင်းတောမ ရဲစခန်းအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု PPDF ထံမှ သိရသည်။

 

“အဲဒါက ကိုင်းတောမရဲစခန်းရှိတယ်။ အဲဒီမှာပဲ အထိုင်ချနေတာ။ သေတာက မျက်မြင်လဲကျ သေဆုံးသွားတာတွေ့တယ်။ ကျန်တဲ့သူတွေက အလောင်းတွေစခန်းထဲကို ဆွဲပြေးကြတာ။ ရဲဘော်တွေတော့ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Pakokku People Defense Force (PPDF) ၏ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

အဆိုပါတိုက်ပွဲအတွင်းမှ MA 1 သေနတ် (၁)လက်၊ MA 3 သေနတ် (၁)လက်၊ ကျည်ဘောက် ငါးခု၊ ကျည်ဆံ(၁၂၀)တောင့်၊ ဘေးလွယ်အိတ်တစ်လုံး၊ ဖုန်းတစ်လုံးနှင့် ဖုန်းအတွင်းမှသေဆုံးသွားသော စစ်ကောင်စီတပ်သား၏ ပုံများနှင့် အချက်အလက်များသိမ်းဆည်းရရှိသည်ဟု သိရသည်။

 

အဆိုပါတိုက်ခိုက်မှုများကို မြိုင်ပကဖ၊ မြိုင်ပကဖ အဖွဲ့ဝင်ဖြစ်သော တပ်ရင်း ၁ ၊ တပ်ခွဲ ၄(စင်္ကြာ)၊ ဝံပုလေပြောက်ကျားတပ်ဖွဲ့၊ မဟာမိတ်တပ်ပေါင်းစု(MUGDF ၊ James Bond ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့)၊ ကင်ဒိုတပ်ဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း(၂၊ ၆၊ ၇)၊ Young Force UG၊ Earthquake’s People Defense၊ Pakokku People’s Defense Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ – PPDF