မြိုင်လယ် ကျေးရွာကို စစ်ကောင်စီက မီးရှို့ အသက် ၈၇ နှစ်အရွယ် အဖွားအိုတစ်ဦး နှလုံးရပ်သေဆုံး

Author လင်းခိုင်
Categories
Published on Nov 29, 2022

 

စစ်ကိုင်းမြို့နယ်၊ မောင်းထောင်ကျေးရွာအုပ်စု၊ မြိုင်လယ်ရွာကို နို၀င်ဘာ ၂၈ ရက် ညနေ ၄နာရီခန့်က စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ပြီး၊ ဒေသခံနှစ်ဦးကို ဖမ်းဆီးမှုကြောင့် အသက် ၈၇ နှစ်အရွယ် အဖွားအို တစ်ဦး နှလုံးရပ်သေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့နယ်ရှိ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် မောင်ရာဟု က CJ Platform သို့ပြောသည်။

 

“စစ်ခွေးတွေက ရွာသားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်စဉ် အသက် ၈၇ နှစ်အရွယ် ဒေါ်၀င်းစိန် နှလုံးရပ်ပြီး သေဆုံးခဲ့တာဖြစ်တယ်။ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ရွာသားနှစ်ဦးက အသက်ရှင်လျက်ရှိ မရှိတော့ မသိရသေးဘူး” ဟု ကိုရာဟုက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းသည် မြိုင်လယ်ရွာရှိ နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီးကာ၊ လူနေအိမ် ၂ လုံးကိုလည်း ဖောက်ထွင်းပြီး အဖိုးတန် ပစ္စည်းများကိုလည်း ခိုးယူသည့်အပြင် အိမ်မွေး တိရစ္ဆာန်များကိုလည်း မီးရှို့သတ်ဖြတ်ခဲ့သည်။

နှလုံးရပ် သေဆုံးခဲ့သည့် အဖွား ဒေါ်၀င်းစိန်သည် မြိုင်လယ်ရွာတွင် စစ်ဘေးရှောင်နေခြင်းဖြစ်ပြီး၊ စစ်ကောင်စီတပ်များက မြိုင်လယ်ရွာသို့ မီးရှို့သည့်အပြင် ပြည်သူများကို ခြိမ်းခြောက်ရိုက်နှက်သည်ကိုမြင်တွေ့ပြီးနောက် နှလုံးရပ်သေဆုံးခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ မြိုင်လယ်ရွာကို စစ်ကောင်စီက မီးရှို့မှုကြောင့် မြိုလယ်ရွာမှ ဒေသခံများအပြင် မောင်းထောင်ရွာနှင့် ရွာသစ်ရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်ရှောင်နေရကြောင်းလည်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များသည် မြန်မာနိုင်ငံနေရာအနှံ့တွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများကို ဖမ်းဆီးခြင်း၊ လယ်ယာများကို ဖျက်ဆီးခြင်း၊ အဖိုးတန်းပစ္စည်းများ ခိုးယူခြင်းနှင့် အိမ်မွေးတိရစ္ဆာန်များ ဖမ်းယူစားသောက်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ- ကိုရာဟု
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #မောင်းထောင်ကျေးရွာ #အဖွားအို