မြိုင်မြို့ပေါ် စီမံကိန်းရုံးနှင့် တရားရုံးရှိ စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်မှု စစ်သားနှင့် ရဲ သုံးဦးသေဆုံး

Author ကေဇက်
Categories
Published on Mar 04, 2024

မကွေးတိုင်း၊ မြိုင်မြို့ပေါ်  တစ်ဆက်တည်းတည်ရှိနေသော စီမံကိန်းရုံးနှင့် တရားရုံးရှိ  စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့်မတ်(၂)ရက်က မဟာမိတ်ပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်သားနှစ်ဦး၊ ဒုရဲအုပ်တစ်ဦးသေဆုံးကာ ပျု(ပြည်သူစစ်)နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)၏ ပြောရေးဆိုခွင့်ရှိသူ ရဘော် ညီလွန်းက CJ Platform သို့ ပြောသည်။

 

အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်ကို နံနက် (၈)နာရီခန့်မှစတင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များက အဖွဲ့ခွဲကာဝင်ရောက်စီးနင်း တိုက်ခိုက်နေစဉ် မြိုင်မြို့မရဲစခန်းမှ အင်အား (၃၀)ထက်မနည်း လျင်မြန်စွာစစ်ကူရောက်လာ၍ အပြန်အလှန်ထိတွေ့မှုဖြစ်ကာ နံနက်(၉)နာရီ (၂၀)မိနစ်ခန့်တွင် တော်လှန်ရေးအဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့သည်။ နှစ်ဖက်တိုက်ခိုက်တွင် ပူးပေါင်းတပ်ဖွဲ့မှာပါဝင်သော ကာကွယ်ရေးရဲဘော်တစ်ဦး ကျည်ထိမှန်မှုကြောင့် ပေါင်ရိုးကျိုး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

“ စီမံကိန်းနဲ့ တရားရုံးက တစ်နေရာထဲမှာ စစ်သား၊ ရဲနဲ့ပျူ အင်အား (၂၀)လောက်ရှိတယ်။ စစ်ဆေးရေးဂိတ်ပါရှိတယ်ပေါ့နော်။ ကျွန်တော်တို့တပ်ဖွဲ့အနေနဲ့က အဓိကစခန်းရှိတဲ့နေရာကို ဝင်စီးတိုက်ခိုက်‌နေတာမလို့ စကစစစ်ကူတွေထိခိုက်မှုတော့ မသိရဘူးဗျ” ဟု ရဲဘော်လွန်းညီက CJ Platform သို့ ပြောသည်။

 

အဆိုပါ  ထိုးစစ်ဆင်တိုက်ခိုက်မှုတွင် PRF အပါအဝင် ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ မြိုင်ပကဖ၊ မြိုင်မြို့နယ်အခြေစိုက် ပခုက္ကူခရိုင်တပ်ရင်း ၂ ၊ တပ်ရင်း ၆ ၊ တပ်ရင်း ၇ ၊ တပ်ရင်း ၁၄၊ တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၇ ၊ PSGF ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ အာဘံ ရေစကြိုတပ်ဖွဲ့၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့နှင့် King Cobra (ပခုက္ကူ)တို့ပူးပေါင်းကာ အတူတကွ တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။