မြိတ်တွင် အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်း မိုင်းဆွဲခံရပြီး လေးဦးသေ

Author မင်းထက်
Categories
Published on Jan 11, 2024

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦး သေဆုံးခဲ့ကြောင်း ကျွန်းစုမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက် ညနေ ၄ နာရီခန့်က မြိတ်မြို့မှ အင်အား ၇၀ ခန့်ဖြင့် ခြေလျင်ထွက် လာသော စစ်ကောင်စီစစ်ကြောင်းကို တဂံတောင်ပုကျေးရွာနှင့် ခုံမော်ကျေးရွာကြားတွင်  PDF ပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ၄င်းတာ၀န်ရှိသူက​ ဆိုသည်။

 

” ဘယ်တပ်ကဆိုတာတော့ အသေးစိတ်မသိရဘူးဗျ။ မိုင်းဆွဲခဲ့တဲ့လမ်းက ပြည်ထောင်စု လမ်းမကြီးပါ ၊ စစ်ကြောင်းက တက်လိုက်ဆင်းလိုက် လုပ်နေတာ၊  အဆင်းကို စောင့်ပြီး ခွဲလိုက်တာ ၊ မိုင်းဆွဲခံရပြီး လက်နကါကြီးရမ်းပစ်တယ်တော့ ရှိခဲ့တယ်” ဟု ကျွန်းစုမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ သူက ပြောသည်။

 

ယင်း တိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တပ်ဖွဲ့ဝင်များ၊ တောပုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ (တနင်္သာရီ-ပကဖ) ၊ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ၊ တနင်္သာရီတိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၊ တိုက်ခိုက်မှုတွင်  ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် တနင်္သာရီမြို့နယ်နှင့်မြိတ်မြို့နယ် လမ်းပိုင်းတွင် ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသခံမိဘပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ထားသော သတိပေး ထုတ်ပြန်ချက်များကို လိုက်နာပေးကြရန် ကျွန်းစုမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က အသိပေးထားသည်။

 

ဓာတ်ပုံ – ကျွန်းစုမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ