မြဝတီ passport ရုံး၌ နယ်ကျော် passport များ သက်တိုး၊အသစ်လုပ်ဆောင်ခြင်းများ ရပ်ဆိုင်းမည်

Author လင်းနွေဦး
Categories
Published on Oct 17, 2023

ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် Passport ရုံး၌ သာမန်ထက်လွန်စွာ များပြားသော ပြည်သူ များ တိုးဝှေ့တန်းစီ ကာ passport အသစ်ပြုလုပ်ခြင်း နှင့် သက်တမ်းတိုးခြင်းတို့အား လာရောက်လုပ်ဆောင်နေကြကြောင်း အောက်တိုဘာ ၁၆ ရက်နေ့က မြဝတီမြို့ Passport ရုံးသို့ သွားရောက်ခဲ့သော ပြည်သူ တစ်ဦးမှ CJ Platform သို့ သတင်းပေးပို့သည်။

ရန်ကုန် Passport ဗဟိုရုံး၌ passport ပြုလုပ်လိုပါ က Online Appointment (အွန်လိုင်းချိန်းဆိုမှု) ပြုလုပ်ရခြင်း ရက်ချိန်းအား စောင့်ဆိုင်းရချိန် ကြာမြင့် ခြင်း၊ တန်းစီရသော လူအရေအတွက် များပြားခြင်းတို့ကြောင့် online appointment တင်စရာမလိုသော နယ်ရုံးများ၌ လာရောက် လုပ်ကြခြင်းဖြစ်သည်ဟု သိရသည်။

ယခုအခါ တိုင်ကြားချက်တချို့နှင့် လာရောက်လုပ်ဆောင်သူ အရေအတွက် လွန်စွာများပြားလာမှုကြောင့် မြဝတီ passport ရုံးခွဲမှ အောက်တိုဘာ ၁၈ ရက်နေ့ ကျော်လွန်ပါက နယ်ကျော် passport များ အား မလုပ်ဆောင်ပေးတော့ကြောင်း ထုတ်ပြန်ထားမှုကြောင့် ပြည်သူများအနေဖြင့် ၁၈ ရက်နေ့ မတိုင်ခင်အချိန်မှီ တိုးဝှေ့ စီတန်းပြုလုပ်နေကြခြင်း ဖြစ်သည်။

“ကျွန်တော် လည်းpassport သွားလုပ်တာပါ၊ လ.၀.က အဝင် တန်းစီရတာတင် ၃/၄ နာရီ လောက်ကြာပါတယ်၊ ၁၈ ရက်နေ့နောက်ပိုင်း နယ်ကျော်တွေ မလုပ်ပေးတော့ဘူးလို့ စာထုတ်ထားတာကြောင့် တစ်နိုင်ငံလုံးက လူအများကြီး အပြေးလာလုပ်ကြတာနေမယ်” ဟု အမည်မဖော်လိုသူ ပြည်သူတစ်ဦးမှ CJ Platform သို့ ပြောကြားခဲ့သည်။
၎င်း၏ ပြောကြားချက်အရ Passport လာရောက်ပြုလုပ်သူ အရေအတွက်မှာ အောက်တိုဘာ ၁၆ ရက်နေ့မှာပင် ခန့်မှန်း လူဦးရေ ၃၀၀၀ ကျော် ရှိနိုင်ပြီး ပြည်ပအလုပ်အကိုင် Passport for Job(PJ) အတွက် လာရောက်လုပ်ဆောင်သူများမှာ အများဆုံးဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီအာဏာ စတင်သိမ်းပြီးသည့်အချိန်မှ စတင်ကာ ပြည်တွင်း စီးပွားရေး ကျန်းမာရေးတို့မှာ အဖက်ဖက် မှ ချွတ်ခြုံကျလာခဲ့သည်။

ပြည်တွင်း အလုပ်အကိုင် ရှားပါးလာမှု ကုန်ဈေးနှုန်း မြင့်မားလာမှုတို့ကြောင့် ပြည်သူများ လုပ်ကိုင်စားသောက်ရန် ခက်ခဲလာခဲ့ပြီး ကျန်ရှိ မိသားစုများ ရပ်တည်နိုင်ရေးအတွက် သန်စွမ်းသော လူငယ်၊လူရွယ်များ အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် အနောက်နိုင်ငံတချို့ တွင် ရရာအလုပ်များ လုပ်ကိုင်ကာ မိသားစုဝမ်းရေးအတွက် ဖြေရှင်းနေကြရသည်။