မြန်မာ ဒုက္ခသည် ၂ သောင်းကျော်အတွက် ထောက်ပံ့ရေး ပစ္စည်းများ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးအပ် မည်သည့်နေရာသို့ ပို့ဆောင်ကာ မည်သည့်အဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်မည်ကို မထုတ်ပြန်

Author လင်းနွေဦး
Categories
Published on Mar 25, 2024

ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့ အနီး ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတားအနီး တွင် ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည် ၂ သောင်းကျော်အတွက် စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ယနေ့ မတ်လ ၂၅ ရက် မနက်ပိုင်းတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

၁၈၉၃ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော ထိုင်းနိုင်ငံရှိ Thai Red Cross Society (TRCS) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းမှ ကယ်ဆယ်ရေးအသုံးအဆောင်များ ပါဝင်သည့် အိတ်ပေါင်း ၄၀၀၀ ကျော်၊ဆန်များ၊ စားသောက်ကုန်ခြောက်များ နှင့် အခြားသော လိုအပ်သည့် ပစ္စည်းများကို မြဝတီမြို့ ခရိုင် Red Cross Society ဌာနခွဲတာဝန်ခံထံသို့ လွှဲပြောင်းပေးအပ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အတွင်းပါရှိသည်။

 

ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲသို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန မှ ဒုဝန်ကြီး မစ္စတာ စီဟာဆက်ခ် အပါအဝင် တက်ခ်ခရိုင် အာဏာပိုင်များ၊ ဒေသတွင်း အဖွဲ့အစည်းများ နှင့် ကရင်ပြည်နယ် မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု ဖော်ပြထားသော်လည်း မည်သည့် အဖွဲ့အစည်းမှ ဖြစ်သည်ကို ထုတ်ပြန်ချက်အတွင်း ထည့်သွင်း ဖော်ပြထားခြင်းမရှိချေ။

 

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်လာသည့် သတင်းဓာတ်ပုံများတွင်မူ စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းဝတ်စုံများ ဝတ်ဆင်ထားသူများပါဝင်သည့် အဖွဲ့မှ ထောက်ပံ့ရေးပစ္စည်းများ လက်ခံရယူပြီးနောက် အမှတ်တရဓာတ်ပုံ ရိုက်ကူးရာတွင် ပါဝင် ရိုက်ကူးခဲ့သည်ကို တွေ့ရှိရသည်။

ထို့ပြင် အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန (AHA Centre) မှ အမှုဆောင်ဒါရိုက်တာလည်း တက်ရောက်ခဲ့သည်ဟု ဖော်ပြထားသည်။

 

အဆိုပါ ကူညီထောက်ပံရေးပစ္စည်းများသည် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအား ဖြတ်သန်း၍ ကရင်ပြည်နယ်ရှိ နေရာသုံးနေရာတွင် ဖြန့်ဝေမည်ဖြစ်ကြောင်း၊ AHA Center မှ ထောက်ပံရေးပစ္စည်းများ ဖြန့်ဝေရာတွင် ထိရောက် ယုံကြည်ရရုံမက ပွင့်လင်းမြင်သာမှု ရှိစေရန် စောင့်ကြည့်ရေးအတွက် နည်းပညာပိုင်းအား ပံ့ပိုးကူညီသွားမည်ဟု ထုတ်ပြန်ချက်အတွင်း ဖော်ပြထားကာ မည်သည့်နေရာများသို့ ဖြန့်ဝေမည်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိချေ။

ယခုကဲ့သို့ ထောက်ပံ့ရေးပစ္စည်းများ ပံပိုးကူညီမှုသည် မြန်မာနိုင်ငံ ဒေသတွင်းထွက်ပြေးတိမ်းရှောင်နေသူများ၏ အခက်အခဲကိုကူညီနိုင်ရန် အတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်းမှုတစ်ခုဖြစ်ကာ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ဒုက္ခသည်များကို ခွဲခြားဆက်ဆံမှုမရှိဘဲ တတ်နိုင်သရွေ့ အစွမ်းကုန်ကူညီသွားမည်ဖြစ်ကြောင်း ထိုင်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆိုသည်။

ထို့အပြင် ယခုတစ်ကြိမ်ထောက်ပံ့မှုသည် လာအိုနိုင်ငံ၊ လွမ်ပရာဘန်းတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က အာဆီယံနိုင်ငံဝင် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲအစည်းအဝေး အတွင်း ဝန်ကြီးအားလုံး၏ ထောက်ခံမှုအပြည့်အဝရရှိခဲ့သည့် အာဆီယံ သဘောဆန္ဒ ၅ ချက်ကို မြှင့်တင်ရာတွင် အာဆီယံ နိုင်ငံဝင် များမှ စုပေါင်းကြိုးပမ်းမှု ၏တစ်စိတ်တစ်ပိုင်းလည်းဖြစ်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံ မှ မြန်မာနိုင်ငံအတွင်း ဒေသတွင်းထွက်ပြေးတိမ်းရှောင်သူများ အဓိကအားဖြင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် အနီးတွင် နေထိုင်ကြသူများကို လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ထပ်မံတိုးမြှင့်ပေးမည့် နည်းလမ်းများအတွက် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးသွားမည်ဖြစ်သည်ဟုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန