မြန်မာ့ အရေးနှင့် ပတ်သက်ပြီး အာဆီယံ အပြီးသတ်မူကြမ်း ၁၅ ချက်ထုတ်ပြန်၊ အစည်းအဝေးများ၌ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ကိုယ်စားပြုသည့်သူအား မဖိတ်ကြားရန် ဆက်လက်ဆောင်ရွက်မည်

Author လင်းခိုင်
Categories
Published on Nov 12, 2022

မြန်မာ့ အရေးနှင့် ပတ်သက်ပြီး အာဆီယံ အပြီးသတ်မူကြမ်း ၁၅ ချက်ထုတ်ပြန်၊ အစည်းအဝေးများ၌ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ကိုယ်စားပြုသည့်သူအား မဖိတ်ကြားရန် ဆက်လက်ဆောင်ရွက်မည

မြန်မာ့ အရေးနှင့် ပတ်သက်ပြီး အာဆီယံ အပြီးသတ်မူကြမ်း ၁၅ ချက်ကို နို၀င်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အစည်းအဝေးများ၌ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ကိုယ်စားပြုသည့်သူအား မဖိတ်ကြားရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အပြီးသတ်မူကြမ်း ၁၅ ချက်တွင် မြန်မာနိုင်ငံသည် အာဆီယံ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ အာဆီယံပဋိညာဉ် စာတမ်း၏ အပိုင် ၇နှင့် ၂၀ ကို ထည့်သွင်းစဉ်းစားပြီး ပြီးခဲ့သည့် ၃၈ ကြိမ်နှင့် ၃၉ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးများ၏ ရလဒ်များကို ထည့်သွင်းစဉ်းစားမည်ဟု ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံ အခြေအနေသည် ထိရှလွယ်စဲဖြစ်ပြီး မြန်မာနိုင်ငံသာမက အာဆီယံ အသိုက်အ၀န်းတည်ဆောက်ရေး ကြိုးပမ်းမှုကို ထိခိုက်စေကြောင်း၊ အဓိက စိုးရိမ်မှုဖြစ်သည့် အကြမ်းဖက်မှုကြီးထွားလာခြင်းကို ထည့်သွင်းစဉ်းစားပြီး ငြိမ်းချမ်းပြီး ရေရှည်ခံသည့် အဖြေကို ရှာဖွေရာတွင် မြန်မာနိုင်ငံအား ကူညီပေးရန် အာဆီယံက ကတိပြုကြောင်း၊ အချက်ငါးချက် သဘောတူညီမှုကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှု အနည်းငယ်သာရှိသဖြင့် အာဆီယံခေါင်းဆောင်များ၏ ကတိက၀တ်များကို လိုက်နာရန် မြန်မာတပ်မတော်သည် တာ၀န်ရှိသူဖြစ်ကြောင်း မူကြမ်းတွင် ရေးသားထားသည်။

အချက်ငါးချက် သဘောတူညီမှုသည် မိမိတို့၏ ခိုင်လုံသောလက်စွဲအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး အလုံးစုံကို အကောင်အထည်ဖော်သင့်ကြောင်း၊ အချက်ငါးချက် သဘောတူညီမှုကို ပံ့ပိုးရန် အတွက် တိကျသောအချိန်ဇယားဖြင့် လက်တွေ့ကျကျတိုင်းတာနိုင်သည့် ညွှန်းကိန်းများကို ဖော်ပြထားမည့် အကောင်အထည်ဖော်မှုအစီအစဉ်ကို ရေးဆွဲရမည်ဖြစ်ပြီး အစီအစဉ်ရေးဆွဲရန် အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများကို တာ၀န်ပေးအပ်မည်ဟု မူကြမ်းတွင် ဆိုသည်။

သက်ဆိုင်သူအားလုံးအနေဖြင့် အာဆီယံ သဘောတူညီချက် ငါးရပ်ကို လိုက်နာ အကောင်အထည်ဖော်ရန်နှင့် အာဆီယံအနေဖြင့် သက်ဆိုင်သူအားလုံးကို မကြာမီထိတွေ့ဆက်ဆံနိုင်ရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပြီး၊ အာဆီယံဘုံ သဘောတူညီချက် ၅ ရပ်နှင့်အညီ မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြန်လည်တည်ဆောက်ရန် အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်သည် လိုက်လျောညီထွေရှိပြီး အလွတ်သဘော စေ့စပ်ညှိနှိုင်းရေးကို ဆောင်ရွက်သွားမည်ဟု မူကြမ်းတွင် ထည့်သွင်းရေးသားထားသည်။

အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေးများသို့ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ကိုယ်စားပြုသည့်သူအား မဖိတ်ကြားသည့် အစီအစဉ်ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး၊ အခြေအနေအရ လိုအပ်ပါက အာဆီယံအစည်းအဝေးများတွင် မြန်မာကိုယ်စားပြုမှုကို ထပ်မံသုံးသပ်ရန် အာဆီယံညှိနှိုင်းရေးကောင်စီကို တာ၀န်ပေးအပ်မည်ဖြစ်ကြောင်း၊ အာဆီယံပဋိညာဉ်စာတမ်းနှင့် ဘုံသဘောတူညီချက် ၅ ရပ်ပါ လုပ်ငန်းများကို ပြည့်၀စွာမဆောင်ရွက်နိုင်ပါက ယင်းကိစ္စနှင့် ပတ်သက်သည့် အပြီးသတ်ဆုံးဖြတ်ချက်ကို ချမှတ်မည်ဟု မူကြမ်းတွင် ဆိုထားသည်။

ယင်းအပြင် သဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီရန် ကုလသမဂ္ဂနှင့် ပြင်ပမိတ်ဖက်များကို ဖိတ်ခေါ်ကြောင်း၊ အာဆီယံအနေဖြင့် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေမည့် အခြားသော ချဉ်းကပ်မှုများကို စူးစမ်းလေ့လာမည်ဖြစ်ပြီး၊ အာဆီယံ၏ ရှေ့ဆက်အစည်းအဝေးများတွင် အထက်ဖော်ပြပါ ဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ်ပြီး တိုးတက်မှုများ အစီရင်ခံနိုင်ရေးအတွက် နိုင်ငံခြားရေး၀န်ကြီးများကို လုပ်ပိုင်ခွင့်တာ၀န်ပေးအပ်မည်ဟု မူကြမ်းတွင် ဖော်ပြထားသည်။

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #အာဆီယံ #အပြီးသတ်မူကြမ်း၁၅ချက်

Related News

Depend on news