“မြန်မာ့ဘဏ်တွေ ပြိုလဲနေကြပြီလား”

Author သတင်းအဖွဲ့
Categories
Published on Dec 03, 2023

ဘဏ်တွေမှာ ငွေသားထုတ်ယူဖို့ ခက်ခဲနေတယ်ဆိုတဲ့ အသံတွေဟာ အခုရက်ပိုင်းအတွင်းမှာ ကျယ်ကျယ်လောင်လောင်ကို ထွက်ပေါ်လာနေခဲ့ပါတယ်။ ပုဂ္ဂလိကဘဏ်တွေဟာ အကန့်သတ်မဲ့ ငွေထုတ်ယူနိုင်တယ်ဆိုတဲ့ Special account ဆိုတာကြီးကို တီထွင်ခဲ့ပါတယ်။ ဒီ Account ဆိုတာကြီးကရော တကယ်ငွေထုတ်လို့ ရရဲ့လား။ ပြည်သူတွေ ဘာကို စိုးရိမ်နေသလဲ။ ဘဏ်တွေကြောင့် ဘယ်လို ဒုက္ခတွေ ကြုံတွေ့နေရသလဲ။ ဒီတစ်ပတ် CJ Platform ရဲ့ “ဒုက္ခအတိတွေ့နေသူများ၏ တီးတိုးသံ” ကဏ္ဍမှာ ဖတ်ရှုနိုင်ပါတယ်။

****************************************

 

“တချို့ဘဏ်တွေလည်းSpecial  Account ရှိပေမဲ့ သိန်း ၂၀ လောက်ပဲ ထုတ်ပေးတယ်ဆိုတာတွေလည်း ကြားတယ်”

 

ရန်ကုန်မြို့မှ KBZ ဘဏ်ဝန်ထမ်းတစ်ဦးရဲ့ တီးတိုးသံ

 

နောက်တစ်ပိုင်းက လိုင်းပေါ်မှာလည်း တွေ့နေရတယ်ပေါ့နော် သတင်းဌာန တစ်ချို့ လည်း ရေးတာ ကျွန်တော် ဖတ်ရတယ် Special account လုပ်ထားရင် ကြိုက်သလောက်ငွေထုတ်ပေးတယ်ဆိုတာမျိုးတွေပေါ့   မြို့ကြီးတွေပေါ်က ဘဏ်တွေ ကျွန်တော်လုပ်နေတဲ့ ရန်ကုန် ဘဏ် တွေ ကတော့ အဲဒီ Account ရှိရှိမရှိရှိ ဘဏ်မှာ ငွေရှိရင် ရှိသလို လိုသလောက်ထုတ်ပေးတယ် ရှမ်းပြည် ဘက်က တချို့ဘဏ်တွေလည်းSpecial  Account ရှိပေမဲ့ သိန်း ၂၀ လောက်ပဲ ထုတ်ပေးတယ်ဆိုတာတွေလည်း ကြားတယ်။

 

ကျွန်တော်အဲ့ဘက်တွေတော့ သေချာမသိပေမဲ့ စစ်ရေးရိုက်ခတ်မှုကြောင့် ပြည်သူတွေ panic ဖြစ်ပြီး ငွေတွေ ထုတ်လို့ အချိန်ပိုင်းကန့်သတ်မှုသဘောအနေနဲ့ ငွေပမာဏ ကန့်သတ် ထုတ်ပေးတယ်လို့ထင်ပါတယ် ဘဏ်တွေမှာ ငွေရှိတာနဲ့လည်းဆိုင်မယ် ထင်ပါတယ် သေချာတော့ မပြောပြတတ်ဘူးဗျ။

****************************************

 

“ဘာ အကောင့်ပဲ ဖြစ်ဖြစ် ပိုက်ဆံက လိုသလောက်မထုတ်ပေးဘူး”

 

ရန်ကုန်မြို့မှ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးရဲ့ တီးတိုးသံ

 

KBZ ဘဏ် ရိုးရိုးအကောင့်က တစ်ပတ်ကို ၅ သိန်း ထုတ်လို့ရတယ်၊ special account က တစ်ပတ်ကို သိန်း ၅၀ ထုတ်လို့ပဲ ရတော့တယ်။ ဘာ အကောင့်ပဲ ဖြစ်ဖြစ် ပိုက်ဆံက လိုသလောက်မထုတ်ပေးဘူး။ လှည့်ပတ်ပြီး ငွေချိန်းရတယ်၊ special account ကနေ ဟိုပြန်လွှဲ ဒီပြန်လွှဲ ငွေသားလိုတဲ့သူ အကောင့်ထဲ လိုတဲ့သူ အချင်းချင်း လဲလှယ်နေကြတာပါပဲ၊ အလကားတော့ ငွေသားရဖို့ မလွယ်ကူတော့တဲ့ အချိန်လေ အဲ့တော့ အပိုတော့ ထပ်ပေးရတယ်။

****************************************

 

“ဘဏ်အကောင့်ထဲ ထားရင်က ပိုဆိုးတယ် အာမခံမရှိဘူး”

 

အွန်လိုင်းစီးပွားရေးလုပ်ဆောင်နေသူတစ်ဦးရဲ့ တီးတိုးသံ

 

ကိုယ်တွေမှာလည်း ပမာဏအများကြီးတော့ မရှိပေမဲ့ ထုတ်ရတာတော့ အရမ်းခက်တယ်။ ခွဲခွဲပြီးထုတ်မှပြေတယ် လိုချင်သလောက် အမောင့်မရတော့ တစ်ခါတလေ အပြင်မှာ ငွေသားနဲ့ ရှင်းရမှာမျိုးဆို ဒုက္ခရောက်တယ် ငွေအဝင်ကလဲ အကန့်အသတ် ရှိတယ်။ ထုတ်ချင်တိုင်းလဲ ထုတ်မရတော့ ကြာတော့ စိတ်ပူမိတယ် ဒါတွေက အပြင်မှာ ထုနဲ့ထည်နဲ့ ရှိတာ မဟုတ်ဘူး။ ဘဏ်အကောင့်ထဲ ထားရင်က ပိုဆိုးတယ် အာမခံမရှိဘူး KPay ထဲကမှ လိုသလောက် ခွဲထုတ်လို့ရနိုင်သေးတယ်။ အောက်တိုဘာကတည်းက တစ်ရက်စာတစ်ရက်ကို ခွဲခွဲပြီး အပြင်မှာထုတ်ထားတယ် ရှင်းစရာလင်းစရာကုန်ရင် ပိုတာ ကျန်တာ ရွှေလုပ်ထားတယ် ဒီကောင်တွေခေတ်မှာက ဘာမှစိတ်ချရတာ မဟုတ်တော့။

****************************************

 

“အခုက special account ရော ရိုးရိုး account ရော ဘာမှမထူးတော့ဘူး အတူတူပဲ”

 

ရန်ကုန်မြို့ စော်ဘွားကြီးကုန်းရှိ လုပ်ငန်းရှင်တစ်ဦးရဲ့ တီးတိုးသံ

 

အခုက special account ရော ရိုးရိုး account ရော ဘာမှမထူးတော့ဘူး အတူတူပဲ တစ်ပတ်ကို သိန်း ၂၀ ပဲ ပေးထုတ်တယ်။ ဘယ်လိုအဆင်ပြေမှာလဲ ဖောက်သည် အသေးတစ်ဆိုင်တောင် အဲ့ဒီ့လောက်မကတာ ဘဏ့်အကောင့်နဲ့ ဘယ်လိုအလုပ်လုပ်မလဲ။ လုပ်ငန်းလည်ပတ်ဖို့ကတော့ အပြင်ငွေရှိမှာကို အဆင်ပြေမှာ အန်တီတို့ကတော့ ဘဏ်အကောင့်ကို လွှဲမခိုင်းတော့ဘူး။ သူတို့စကြော်ငြာတဲ့နေ့ကဆို ဆိုင်သမားတွေကလည်း ဘယ်သိမလဲ အရင်လွှဲသလို ဘဏ်အကောင့်ပဲလွှဲကြတာ ဘဏ်ထဲ တစ်ထောင်လောက်ဝင်သွားတယ် အန်တီတို့လည်း အလုပ်ကရှုပ်တော့  မှီသလောက်တော့ ဖုန်းဆက်တာပေါ့ အကုန်လိုက်မဆက်နိုင်လိုက်ဘူး။

အာဏာသိမ်းပြီးထဲကဆို ဈေးနှုန်းတွေ မငြိမ်တာနဲ့ ဟိုဟာမရောင်းရတာ ဒီဟာမရောင်းရတာနဲ့ ကြော်ငြာတာတွေကိုလည်း လိုက်သတိထားရသေးတယ်။ ငွေကြေး ကမောက်ကမဖြစ်တာတွေ ၊ ကုန်မှာလို့ အဆင်မပြေတာတွေ အစုံပါပဲ။ ဒုက္ခရယ်လို့တောင် မဆိုလိုချင်တော့ပါဘူး ဒုက္ခကတော့ ပေါင်းစုံပဲ အလုပ်သာလုပ်နေရတာ အဆင်ချောတာမရှိသလောက်ပါပဲ။

****************************************

 

“ပိုက်ဆံတောင် ဘဏ်မအပ်ရဲဘူး စစ်အစိုးရခေတ်မှာ ဘာမှ အစိုးမရဘူး”

 

ဧရာဝတီတိုင်းမှ လုပ်ငန်းရှင်တစ်ဦး၏ တီးတိုးသံ

 

ကိုယ်ဝယ်နေတဲ့ဆိုင်တွေကလည်း special account ထဲ မလွှဲပါနဲ့ဆိုတော့ ဂွကျတာပေါ့။ အာဏာသိမ်းပြီးနောက်ပိုင်း ဈေးအရောင်းအဝယ် အဆင်ပြေလားဆိုတော့ စဉ်းစားကြည့်ပေါ့ ကုန်ဈေးနှုန်းက တက်တာ လိုက်မမှီဘူးလေ။ ဆိုင်ကပစ္စည်းတွေဆို ဈေးနှုန်းအပြောင်းအလဲများလွန်းလို့ ဈေးနှုန်းတောင် ကပ်မထားနိုင်တော့ဘူး။ စာအုပ် စာရွက်ကဒ်တွေနဲ့ ရေးထားရတာ။ အဲ့လိုမှမဟုတ်ရင် အဆင်မပြေတော့ဘူးလေ ဒေါ်လာဈေးတက်ပြီဆိုတာနဲ့ ဈေးမရောင်းတော့နဲ့ နောက်နေ့ကျ ဖုန်းတွေဆက် ဈေးတွေပြောင်း နဲ့ တစ်ရက်နှစ်ရက်က အဲ့ဒီ့အလုပ်ပဲ လုပ်နေရတာ ဈေးမပြောင်းပဲထားရင် ရှုံးမှာလေ ဈေးတက်ပြီဆို ငွေက amount သာကြီးလာတာ ငွေတန်ဖိုးကျသွားတာလေ မရှုံးအောင် မနည်းလုပ်ယူနေရတယ် တစ်ချို့ဟာတွေလည်း မတတ်နိုင်ဘူး ရှုံးတဲ့ထဲပါကုန်တာပေါ့။

 

ဘဏ်တွေအကြောင်းတော့ မပြောပါနဲ့ ကိုယ့်ရှိတဲ့ ပိုက်ဆံတောင် ဘဏ်မအပ်ရဲဘူး စစ်အစိုးရခေတ်မှာ ဘာမှ အစိုးမရဘူး ရေလိုက်ငါးလိုက်ပဲ လုပ်နေရတာ။