မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို အကြမ်းဖက်အုပ်စုများအဖြစ် NUG ကြေညာ

Author လင်းခိုင်
Categories
Published on Dec 06, 2022

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ(ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြုပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့သည် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စုအတွက် စီးပွားရေးလုပ်ငန်းပေါင်းစုံကို လက်ဝါးကြီးအုပ်ချယ်လှယ်ပြီး နှစ်စဉ် ဘဏ္ဍာရန်ပုံငွေများစွာ ရှာဖွေထောက်ပံ့လျက်ရှိကြောင်း၊ အဆိုပါ ဘဏ္ဍာရန်ပုံငွေများသည် စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် အရာရှိကြီးများအတွက်သာ အကျိုးစီးပွားဖြစ်ထွန်းလျက်ရှိပြီး အောက်ခြေမှ ခံစားခွင့်မရှိသလောက် နည်းပါးလျက်ရှိသည်ကို အမြတ်ခွဲဝေမှုဆိုင်ရာ အထောက်အထား၊ စာရွက်စာတမ်းများအရ သိရှိရသည်ဟု ဖော်ပြထားသည်။

ထို အကျိုးအမြတ်များကို အသုံးပြုပြီး စစ်အုပ်စုသည် နိုင်ငံတဝှမ်းရှိ အပြစ်မဲ့ ပြည်သူများအပေါ် လူမဆန်စွာ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ယင်းအကြမ်းအဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုအားလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ဃ) အရ အကြမးဖက်အုပ်စုပိုင် ပစ္စည်းများအဖြစ် သတ်မှတ်ပြီး အများပြည်သူအကျိုးစီးပွားအတွက် ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဌ)နှင့်အညီ ထိန်းချုပ်သွားမည်ဟု ထုတ်ပြန်ထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ဦးပိုင်