မြန်မာအပါအ၀င် ကမ္ဘာ့နိုင်ငံအချို့သည် အလွန်ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ညှဉ်းပန်းနှိပ်စက်မှုများနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရကြောင်းEU ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Dec 10, 2022

မြန်မာအပါအ၀င် ကမ္ဘာ့နိုင်ငံအချို့သည် အလွန်ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ညှဉ်းပန်းနှိပ်စက်မှုများနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရကြောင်း ဥပရောပသမဂ္ဂက ယနေ့တွင် ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့သည့် ၁၉၄၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို အတည်ပြုလက်ခံသည့် နှစ်ပတ်လည်နေ့ဖြစ်ကာ လူ့အခွင့်အရေးနေ့ဖြစ်ကြောင်း၊ လူ့အခွင့်အရေး မြှင့်တင်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းသည် လူ့ဂုဏ်သိက္ခာကို မြှင့်တင်ရန်အတွက် အလွန်အရေးပါသည့် တချိန်တည်းမှာပင် စစ်မှန်သောလေးစားမှုများနှင့် လူ့အခွင့်အရေးများ ပြည့်စုံမှုသည် ငြိမ်းချမ်းရေး၊ ဒီမိုကစေီနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ကြောင်း EU ကဆိုသည်။

ယခုနှစ်တွင် ရုရှားနိုင်ငံသည် ယူကရိန်းအပေါ် တရားမျှတမှုမရှိသော ရန်လို ကျူးကျော်စစ်မှ မျှော်တွေးမရလောက်သည့် လူသားတို့ ဒုက္ခဆင်းရဲများ ကိုမြင်တွေ့ခဲ့ကြောင်း၊ အာဖကန်နစ္စတန်၊ ဘီလာရုစ်၊ အီသီယိုးပီးယားနှင့် မြန်မာနိုင်ငံတို့တွင်လည်း အလွန်အမင်းဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ညှင်းပန်းနှိပ်စက်ခြင်းများကို မျက်မြင်တွေ့ခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုင်ငံအများအပြားတွင် ဖိနှိပ်မှုနှင့် တင်းကျပ်သော မူဝါဒများကြောင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များသည် ပစ်မှတ်ထားခံနေရပြီး ပဋိပက္ခနှင့် ရင်ဆိုင်ရသည့် အခြေအနေများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို မမျှတစွာခံစားနေရကြောင်း၊ လွတ်လပ်စွာ စုဝေးခွင့် အွန်လိုင်းနှင့် ပြင်ပတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့် ဆိုးရွားစွာ ခြိမ်းခြောက်ခံနေရကြောင်း ထုတ်ပြန်ချက်အရသိရသ်။

ထို့ကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကို တိုက်ဖျက်ရန်နှင့် တားဆီးရန်၊ ပြစ်မှုကျူးလွန်သူအားလုံးကို တာ၀န်ခံမှု၊ တာ၀န်ယူမှုရှိစေရန်အတွက် နိုင်ငံတကာ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ပံ့ပိုးကူညီကာ ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမည်ဟု EU ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ ကျူးလွန်မှုများအတွက် ပြစ်ဒဏ်ပေးခံရခြင်းမှ လွတ်မြောက်နေမှုများကို အဆုံးသတ်ရန်နှင့် ကျူးလွန်မှုများအတွက် တရားမျှတမှုနှင့် တာ၀န်ခံမှုရှိစေရေးတို့အတွက် ဖြစ်နိုင်မည့် နည်းလမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးသွားမည်ဟု EU ကဆိုသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #EU #လူ့အခွင့်အရေး #သတင်းမီဒီယာလွတ်လပ်ခွင့်