မြန်မာသို့ပို့ဆောင်မည့် လေကြောင်းရန်ကာကွယ်ရေး သေနတ်နှင့် ဒရုန်းတစ်စင်း မဲဆောက်တွင် ထိုင်းရဲသိမ်း၊ သံသယရှိသူ သုံးဦး ဖမ်းထား

Author အေတီ
Categories
Published on Mar 29, 2024

မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် လေကြောင်းအချက်ပြ ဖြတ်တောက်သည့် သေနတ်တစ်လက်(ဂျန်မာ)နှင့် မောင်းသူမဲ့လေယာဉ်(ဒရုန်း)တစ်စင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း ထိုင်းဘာသာဖြင့်ရေးသားထားသည့် “မဲဆောက်”မီဒီယာက ယနေ့ မတ်လ ၂၉ ရက်တွင် ဖော်ပြထားသည်။

သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုမှတစ်ဆင့် လက်နက်မှောင်ခို သယ်ဆောင်လာမည်ကို လျှို့ဝှက်အေးဂျင့်တစ်ဦးက အကြောင်းကြားခဲ့သဖြင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်ခရိုင်ရဲတပ်ဖွဲ့နှင့် ထိုင်းတပ်မတော်အဖွဲ့ဝင်များက လေအေးပေးစက်ပန်ကာတစ်လုံး၊ သေတ္တာပါသော ပါဆယ်ထုပ်နှင့် အနက်ရောင်ပလပ်စတစ်ပါဆယ်ပုံးများကို မတ် ၂၈ ရက်က ဖမ်းဆီးစစ်ဆေးခဲ့သည်ဟု ဖော်ပြချက်တွင် ပါရှိသည်။

 

အဆိုပါလက်နက်ဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ သံသယရှိသူ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများကို ထိုင်းရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းရာတွင် ပစ္စည်းများကိုအွန်လိုင်းကမှာယူခဲ့ပြီး ၎င်းတို့ထံအရောက်ပို့ပေးခြင်းဖြစ်ကြောင်း၊ တာဝန်ရှိသူများထံမှ ခွင့်ပြုချက်ရယူခဲ့ကြောင်း စွပ်စွဲခံရသူများက‌ ထွက်ဆိုသည်။

ဖမ်ဆီးခံမြန်မာနိုင်ငံသားများကို လက်နက်များကို ခွင့်ပြုချက်မရှိဘဲ တင်သွင်ခြင်း၊ ထုတ်လုပ်ခြင်း(သို့မဟုတ်)လက်ဝယ်ထားရှိမှု စသည့် လက်နက်ထိန်းချုပ်ရေးအက်ဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထက်ပါမီဒီယာသတင်းဌာနက ရေးသားဖော်ပြသည်။