မြန်မာလက်နက်ပွဲစားတွေအပေါ်  ပိတ်ဆို့မှုဖြေလျှော့ခြင်းကို ကုလအထူးကိုယ်စားလှယ် ပြင်းထန်စွာဝေဖန်

Author CJ Platform
Categories
Published on Jul 31, 2025

မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့နေတဲ့ ကုမ္ပဏီတွေ နဲ့ လူပုဂ္ဂိုလ်တွေကို  အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအချို့ ရုပ်သိမ်းလိုက်တဲ့အပေါ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က မနေ့ ဇူလိုင် ၃၀ မှာ ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ စစ်အုပ်စုကို အားပေးရာရောက်ပြီး လူ့အသက်ပေါင်းများစွာကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ သူက တုန်လှုပ်စွာ ပြောကြားလိုက်ပါတယ်။

 

“ဒါဟာ အသက်တွေကို ကယ်တင်ဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကို ကြီးမားစွာ နောက်ပြန်ဆွဲလိုက်တာပဲ ဖြစ်ပါတယ်”လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောပါတယ်။

 

စစ်လက်နက်ပွဲစားတွေအပေါ်က ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးလိုက်တာဟာ လုံးဝ လက်မခံနိုင်စရာပဲလို့ လည်း သူက ဆိုပါတယ်။

 

အခု ပိတ်ဆို့မှုကနေ ဖယ်ရှားခံလိုက်ရတဲ့ ကုမ္ပဏီတွေ နဲ့ လူပုဂ္ဂိုလ်တွေဟာ မြန်မာစစ်တပ်အတွက် လေယာဉ်၊ ထောက်လှမ်းရေးစနစ်တွေနဲ့ တင့်ကားနည်းပညာတွေအထိ ဝယ်ယူရာမှာ ပွဲစားလုပ်ပေးခဲ့တယ်ဆိုတဲ့  သူတွေဖြစ်ပါတယ်။ ဒီလက်နက်တွေနဲ့ပဲ စစ်အုပ်စုဟာ အရပ်သားတွေ၊ စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ဒါဟာ စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့ မစ္စတာအင်ဒရူးစ်က ထောက်ပြထားပါတယ်။ ထူးခြားချက်က အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ပိတ်ဆို့မှုတွေကြောင့် စစ်ကောင်စီရဲ့ လက်နက်တင်သွင်းမှုဟာ ပြီးခဲ့တဲ့တစ်နှစ်အတွင်း ၃၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး၊ ပိတ်ဆို့မှုတွေ ထိရောက်နေချိန်မှာ အခုလို ဖြေလျှော့လိုက်တာ ဖြစ်ပါတယ်။

 

မစ္စတာအင်ဒရူးစ်ကတော့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းမယ့်အစား စစ်အုပ်စုက လက်နက်ဝယ်ယူရာမှာ အဓိကအားထားနေတဲ့ မြန်မာ့စီးပွားရေးဘဏ်ကိုပါ ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးချဲ့ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားဖို့လည်း ထရမ့်အစိုးရကို တောင်းဆိုလိုက်ပြီး ဒါဟာ မြန်မာပြည်သူတွေအတွက် “အသက်နဲ့ သေရေးရှင်ရေး ကိစ္စ” ဖြစ်တယ်လို့ ပြင်းထန်စွာ ပြောကြားသွားခဲ့ပါတယ်။

 

ဓာတ်ပုံ – AFP