မြန်မာရွှေ့ပြောင်းလုပ်သားများ လိုက်ပါလာသည့် ကုန်ကားတစ်စီး တိမ်းမှောက်ရာမှ ၁၄ဦး ဒဏ်ရာရ၊ တရားမဝင် ဝင်ရောက်လာခြင်းကြောင့် မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ထိုင်းအာဏာပိုင်များစီစဉ်နေ

Author လင်းနွေဦး
Categories
Published on Apr 01, 2024

ထိုင်းနိုင်ငံ၊ ကချနာဘူရီ ပြည်နယ်၊ ဆန်ခလာဘူရီ ခရိုင်အတွင်း ယနေ့မနက် အစောပိုင်းက မြန်မာရွှေ့ပြောင်းလုပ်သားများကို သယ်ဆောင်လာသည့် ကုန်တင်ကားတစ်စီး တိမ်းမှောက်မှုရာမှ ၁၄ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည်ဟု ထိုင်းအာဏာပိုင်များမှ ပြောကြားကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။

 

ဧပြီလ ၁ ရက်နေ့ မနက် အစောပိုင်း ၁၂ ခွဲ ဝန်းကျင်တွင် နယ်စပ်ဒေသမှ ကန်ချနာဘူရီ ပြည်နယ်အတွင်း ဝင်ရောက်လာသည့် ကုန်တင်ကားတစ်စီးမှာ ဆန်ခလာဘူရီ လမ်းမကြီး တစ်နေရာတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ကားမှာ တစ်ပတ်လည်၍ လမ်းဘေးတစ်နေရာတွင် တစ်စောင်းအနေအထားဖြင့် ရပ်တန့်ခဲ့ကြောင်း Bangkok Post မီဒီယာမှ ဖော်ပြသည်။

 

ကားတိမ်းမှောက်ရာသို့ ထိုင်းအာဏာပိုင်များမှ လာရောက်စစ်ဆေးရာတွင် ကားပေါ်ပါ ခရီးသည်များဖြစ်သည့် မြန်မာ ရွှေ့ပြောင်းလုပ်သားများမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခြင်းဖြစ်ကာ ၎င်းတို့အား ခေါ်ဆောင်လာပေးသည့် ယာဉ်မောင်းမှာလည်း ကားတိမ်းမှောက်ပြီးနောက် ထွက်ပြေးသွားသည်ဟု သိရှိရကြောင်း ဒေသတာဝန်ရှိသူ ရဲအရာရှိမှပြောသည်။

 

“ကားက မြန်မာ ၂၉ ယောက်ကို သယ်လာတာပါ။ သူတို့ထဲက ၁၄ ယောက် ထိခိုက် ဒဏ်ရာရထားပြီး ၅ ယောက်ရဲ့ အခြေအနေက ပြင်းထန်ပါတယ်” ဟု ဆန်ခလာခရိုင် ရဲအရာရှိ ဒီချရစ် ဖိုခမို(Decharit Pholkamol) မှ Bangkok Post မီဒီယာသို့ ပြောကြားသည်။

 

ကားတိမ်းမှောက်ရာသို့ လာရောက်စုံစမ်းမှုအတွင်း ဖမ်းဆီးရမိသည့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ မတ်လ ၃၁ ရက် တနင်္ဂနွေနေ့ညပိုင်းတွင် နယ်စပ်မှ တဆင့် ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ထိုမှ တဆင့် ကုန်တင်ကားဖြင့် ခေါ်ဆောင်ခံရခြင်းဖြစ်ကာ ဖမ်းမိသည့် မြန်မာရွှေ့ပြောင်း ၂၉ ဦးစလုံးကို မြန်မာနိုင်ငံသို့ မကြာခင်အချိန်အတွင်း ပြန်လည်ပို့ဆောင်သွားမည် ဖြစ်သည်ဟု ခရိုင်ရဲအရာရှိ ဒီချရစ်ဖိုခမို မှ ထိုင်းသတင်းမီဒီယာများ သို့ ဖြေကြားထားသည်။

 

ဓာတ်ပုံ – Bangkok Post

 

ပုံစာညွှန်း- ကားတိမ်းမှောက်ပြီးနောက် ဖမ်းဆီခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သား များကို ယနေ့ မနက် အစောပိုင်းတွင် မြင်ရစဉ်