မြန်မာမျိုးရင်း ငါးရံ့ခေါင်းတိုလေးမျိုးကို သိပ္ပံမျိုးစိတ် အမည်သစ်အဖြစ် မြန်မာငါးဝါသနာရှင်များမှ မှတ်တမ်းတင်နိုင်ခဲ့

Published on Jan 16, 2024

သုတေသနလုပ် မှတ်တမ်းတင်ခံရမှုနှင့် သိပ္ပံအမည်မသတ်မှတ်ထားသော မြန်မာ့မျိုးရင်း ငါးရံ့ခေါင်းတိုမျိုးစိတ်လေးမျိုးကို မြန်မာနိုင်ငံတွင်းရှိ ငါးဝါသနာရှင်လူငယ်တစ်စု၏ ကြိုးပမ်းမှုဖြင့် သိပ္ပံအမည်သစ်သတ်မှတ်ကာ မှတ်တမ်းတင်နိုင်ခဲ့ပြီဟု အဆိုပါ လူငယ်တစ်စုတွင် ပါဝင်သည့် ကိုရှင်းပိုင်ဦးက CJ Platform သို့ ပြောသည်။

 

မြန်မာနိုင်ငံအတွင်းတွေ့ရှိရသည့် ငါးရံ့မျိုးစိတ်များသည် အရောင်အသွေးစုံလင်မှုကြောင့် နိုင်ငံတကာ အလှမွေးငါးဈေးကွက်အတွင်း တင်ပို့ရောင်းချနိုင်သည်အထိ နိုင်ငံတကာပညာရှင်များနှင့် ငါးဝါသနာရှင်များ၏ အာရုံစိုက်မှုရခဲ့သော်လည်း ဈေးကွက်အတွင်း အခေါ်အဝေါ်များဖြင့်သာ နှစ်ပါင်းများစွာခေါ်ခံရသည်။

 

ယခုသိပ္ပံမျိုးစိတ်အမည်သစ် သတ်မှတ်နိုင်ခဲ့သည့် ငါးမျိုးစိတ်လေးခုမှာ (၁) ဈေးကွက်ထဲ Channa sp fire and ice ဟု ခေါ်ကြသည့် တနင်္သာရီတိုင်းတွင်တွေ့ရသော ငါးရံ့ကို ယခုအခါ Channa Pyrophthalmus ဟုလည်းကောင်း၊ (၂) ဈေးကွက်ထဲ Channa sp redfin ဟု ခေါ်သည့် ကချင်ပြည်တွင်တွေ့ရသော ငါးရံ့ကို ယခုအခါ Channa rubora ဟု လည်းကောင်း၊ (၃) ဈေးကွက်ထဲ Channa sp ignis ဟု ခေါ်သည့် ကချင်ပြည်တွင်တွေ့ရသော ငါးရံ့ကို ယခုအခါ Channa coccinea ဟု လည်းကောင်း၊ (၄) ဈေးကွက်ထဲ Channa sp mimetic pulchra ဟု ခေါ်သည့် ရခိုင်ပြည်တွင်တွေ့ရသော ငါးရံ့ကို ယခုအခါ Channa rakhinica ဟု လည်းကောင်း သိပ္ပံအမည်များ အသီးသီးသတ်မှတ်ကာ မှတ်တမ်းတင်နိုင်ခဲ့ပြီး ယခုမျိုးစိတ် လေးမျိုးစလုံးမှာ ငါးရံ့ခေါင်းတိုမျိုး Gachua အုပ်စုအောက်တွင် ပါဝင်သည်ဟု သိရသည်။

 

“ဒီငါးတွေထွက်တဲ့နေရာတွေကို လူကိုယ်တိုင် တကယ်သွားလို့ မရခဲ့ဘူးပေါ့နော်။ ဘာလို့လဲဆို တချို့နေရာတွေဆို တောအရမ်းနက်တယ်။ ရခိုင်ရိုးမတို့၊ ဘာတို့ပေါ့။ နောက်ပြီး တချို့နေရာတွေကျတော့ အပြင်လူတွေ ကိုယ်တိုင်သွားပြီး ဝင်လို့မရတဲ့ နေရာမျိုးတွေ ရှိတယ်ပေါ့နော်။ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေလည်း ရှိတယ်ခင်ဗျ။ အဲဒီတော့ ကျွန်တော်တို့က ဒေသခံတွေကို တစ်ဆင့်လှမ်းပြီးတော့ အကူအညီတောင်းရတယ်ပေါ့” ဟု ငါးမျိုးစိတ်များ ရှာဖွေမှတ်တမ်းယူရာတွင် ကြုံရသည့်အခက်အခဲကို ကိုရှင်းပိုင်ဦးက CJ Platform သို့ ပြောသည်။

 

လိုအပ်သည့် ဓာတ်ပုံမှတ်တမ်းများရရှိရန် ဒေသခံများမှတစ်ဆင့် လုပ်ဆောင်ရသည့်အခါတွင် ဒေသခံများသည် စားငါးများအဖြစ်သာ တွေးကြောင်း၊ တချို့မှာ အလှမွေးငါးဟု မသိ၊ မကြားဖူးသည်များလည်းရှိကြောင်း၊ အလှမွေးငါးများကို နိုင်ငံခြားသို့ပို့ကာ စီးပွားရေးလုပ်နေသည့် ငါးဖမ်းသမားအချို့သာ သိကြကြောင်း၊ အချို့မှာ အချက်အလက်များပေးလိုသည်များရှိပြီး အချို့မှာ သိုသိုသိပ်သိပ် လုပ်ဆောင်နေသည့်အတွက် ငါးများနှင့်ပတ်သက်သည့် အကြောင်းအရာများ ပြင်ပသို့ မပေါက်ကြားစေလိုသဖြင့် အချက်အလက်များ လုံးဝမပေးလိုသည်များလည်း ကြုံခဲ့ရကြောင်းများကိုလည်း ၎င်းကဆက်ပြောသည်။

 

“အလှမွေးငါးဈေးကွက်မှာ နိုင်ငံခြားကလူတွေကသာ ဒီငါးတွေကို အလှမွေးငါးအနေနဲ့ မွေးကြတယ်။ အရမ်းစိတ်ဝင်စားကြတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက လူတွေအနေနဲ့ အလှမွေးငါးအနေနဲ့ စသိခဲ့တာ သိပ်မကြာသေးဘူး” ဟု ယခုငါးများနှင့် ပတ်သက်သည့် အလှမွေးငါးဈေးကွက်တွင်း အခြေအနေကို ကိုရှင်းပိုင်ဦးက ပြောပြသည်။

 

၎င်းကိုယ်တိုင်ပင် ငါးရံ့အလှမွေးခြင်း စလုပ်ဖြစ်သည့် ၂၀၁၆ ဝန်းကျင်မှသာ မိတ်ဆွေများမှတစ်ဆင့် ယခုငါးများကို စသိခဲ့ရပြီး ပြည်တွင်းမှ ငါးအလှမွေးဝါသနာရှင်များ သိလာစေရန် မိတ်ဆက်ခြင်းမျိုး လုပ်ဆောင်ပေးခဲ့ကြောင်း၊  နိုင်ငံခြားတွင်မူ ယခုငါးများကို သိနေသည်မှာ ဆယ်စုနှစ်တစ်ခု မကတော့ကြောင်း၊ ပြည်တွင်းမှ အလှမွေးငါးတင်ပို့သည့် စီးပွားရေးလုပ်သူမျာကမူ နိုင်ငံခြားသို့ တင်ပို့နေသည်မှာ နှစ်ပေါင်းများစွာ ကြာနေဖြစ်သော်လည်း နောက်ပိုင်းမှသာ ပြည်တွင်းမှသိလာပြီးနောက်တွင် နိုင်ငံခြားသို့ တိုက်ရိုက်မရောက်တော့ပဲ  ပြည်တွင်းဈေးကွက်တွင်ပါ မြင်တွေ့လာရသည်ဟုလည်း ရှင်းပြသည်။

 

ကမ္ဘာအနှံ့တွင် သုတေသနပြုလုပ် မှတ်တမ်းတင်ထားသည့် ငါးရံ့မျိုးစိတ်ပေါင်း (၅၆) မျိုးရှိရာ အာရှတိုက်တွင် (၅၃) မျိုး နှင့် အာဖရိကတိုက်တွင် (၃) မျိုးရှိပြီး  မြန်မာနိုင်ငံတွင်မူ ဂေဟစနစ် အမျိုးအစားစုံလင်မှု၊ ဇီဝမျိုးကွဲ ကြွယ်ဝမှုကြောင့် ငါးရံ့မျိုးစိတ် (၂၀) ခန့်အထိရှိကာ မျိုးစိတ် (၁၀) မျိုးကျော်မှာ မြန်မာ့ဒေသမျိုးရင်း မျိုးစိတ်များဖြစ်သည်ဟုလည်း သိရသည်။

 

မြန်မာနိုင်ငံတွင်မူ ဂေဟစနစ် အမျိုးအစားစုံလင်သောကြောင့် မြန်မာ့ ဇီဝမျိုးစိတ်မျိုးကွဲများစွာ ရှိသော်လည်း နိုင်ငံအနေအထားအရ စနစ်တကျ မှတ်တမ်းတင်ကာ သိပ္ပံအမည် သတ်မှတ်နိုင်ခြင်းမျိုး အားနည်းသည့်အတွက် အိမ်နီးချင်းနိုင်ငံများမှ မြန်မာ့မျိုးရင်းများကို သူတို့နိုင်ငံ၏ ဇီဝမျိုးစိတ်မျိုးကွဲများအဖြစ် ဆွဲသွင်းကာ မှတ်တမ်းတင်လိုက်ခြင်းမျိုးများလည်း ကြုံတွေ့နေရသည်ဟု ကိုရှင်းပိုင်ဦးကဆိုသည်။

 

၂၀၂၁ ခုနှစ်တွင် ယခုငါးရံ့လေးမျိုးတွင် ပါဝင်သည့် ကချင်ပြည်နယ်တွင် တွေ့နိုင်သော  Channa coccinea မျိုးစိတ်ကို အိန္ဒိယပညာရှင်များက ၎င်းတို့၏ မျိုးစိတ်ပါဟု ထုတ်ပြရန် စာရွက်စာတမ်းများ ပြုလုပ်နေသည့်အတွက် ၎င်းတို့လက်ထဲပါမသွားအောင် စာရွက်စာတမ်းများ အလျင်အမြန်ပြင်ဆင်ကာ သူတို့ထက် လက်ဦးမှုရယူကာ လုပ်ဆောင်ခဲ့ရခြင်းမျိုးလည်း ရှိသောကြောင့် နောက်ပိုင်းတွင် ထိုသို့မဖြစ်အောင် မြန်မာ့အမွေအနှစ်များကို မှတ်တမ်းတင်ရန် လုပ်ဆောင်နေသည့် လူငယ်များကို ထောက်ပံ့အားပေးသည့်  အဖွဲ့အစည်းများ များများပေါ်ပေါက်လာသင့်သည်ဟု ၎င်းက တိုက်တွန်းပြောကြားသည်။

 

လက်ရှိတွင် ၎င်းသည် ပြည်တွင်းပြည်ပရှိ ငါးရံ့မျိုးစိတ်များကို ဆက်လက်လေ့လာလျက်ရှိပြီး မြန်မာ့မျိုးရင်းငါးမျိုးစိတ်များကို အလှမွေးငါးများအဖြစ် ဗီဇပြုပြင်သားဖောက်ခြင်းများနှင့် ပတ်သက်သည့် အသိပညာပေးမှုများကိုပါ လုပ်ဆောင်နေကာ နိုင်ငံခြားသို့ ငါးမျိုးအရိုင်းများဖြစ်သည့် ကုန်ကြမ်းသာမက အလှမွေးငါးများအဖြစ် ဗီဇပြုပြင်သားဖောက်ထားသည့် ကုန်ချောများကိုပါ တင်ပို့နိုင်အောင် ကြိုးပမ်းလျက်ရှိသည်ဟုလည်း ဆိုသည်။

 

ဓာတ်ပုံ – Piscey Aquatics